
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ရဲ့ စစ်ဆေးရေးဂိတ်တခုကို စက်တင်ဘာ ၂၅ ရက်မှာ စစ်ကောင်စီ လေတပ်ဗုံးကြဲတာကြောင့် အရပ်သားတွေနဲ့ ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
သပိတ်ကျင်းနယ်တောင်ပိုင်း ချောင်ကြီးနယ်အနီးက တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်ဘက်က နေ့လယ် ၁ နာရီဝန်းကျင်မှာ ၃ ကြိမ် ဗုံးကြဲသွားတာဖြစ်ပြီးတော့ အရပ်သားနဲ့ တော်လှန်ရေးရဲဘော်တချို့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပထမအကြိမ်ကြဲသွားတုန်းက လူထိခိုက်တာမရှိဘူး။ ဒုတိယအကြိမ် တိုက်လေယာဉ်နဲ့ထပ်ပြီး ချောင်းကြီးအနီးတစ်ဝိုက်ကို ၂ ကြိမ်ဗုံးကြဲတာမှာ အမျိုးသား ၂ ဦးစိုးရိမ်ရ ဒဏ်ရာ ရသွားတယ်။ အိုးအိမ်အဆောက်အဦးတွေနဲ့ ရွှေချက်ကန်တချို့ မီးလောင်သွားတယ်။ ဘယ်သူတွေလဲ ဆိုတာတော့ တော်လှန်ရေးအဖွဲ့တွေဘက်က ပြောပြခွင့်မပြုထားဘူး”လို့ ပြောပါတယ်။
အဲဒီနေရာဟာ သပိတ်ကျင်းမြို့နယ် တောင်ဘက်ပိုင်း မန္တလေး - မိုးကုတ်ကားလမ်းမှာရှိတာဖြစ်ပြီး အဲဒီလမ်းပိုင်းတလျောက်က ရွာတွေကို စစ်ကောင်စီလေတပ်ဟာ မကြာခဏဆိုသလို ဗုံးကြဲတိုက် ခိုက်နေလို့ အရပ်သားတွေ ထိမှန်သေဆုံးတာတွေရှိနေပါတယ်။
၂၀၂၄ ခုနှစ်က မန္တလေး - မိုးကုတ်ကားလမ်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ သပိတ်ကျင်းမြို့ကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
ပြင်ဦးလွင်ခရိုက်ပကဖရဲ့ တာဝန်ရှိသူတယောက်က “ချောင်းကြီးနားမှာရှိတဲ့ ဂိတ်ကိုကြဲတာဗျ။ ဘယ် ဂိတ်ကိုဆိုတာ ကျနေည်တို့ပြောလို့အဆင်မပြေဘူးဗျ။ ထိမှန်တဲ့အထဲ ပြည်သူတွေလည်း ပါတယ်ဗျ။ အဲဒီဟာကို ကျနော်တို့ဖြေလို့မရဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သပိတ်ကျင်းမြို့နယ် မန္တလေး - မိုးကုတ် ကားလမ်းကို ထိန်းချုပ်ဖို့ကြိုးပမ်းလာတာဖြစ်ပြီး မကြာခဏလေကြောင်းကနေ ဗုံးကြဲနေလို့ သတိပြုကြဖို့လည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။