
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စက်တင်ဘာ ၃၀ ရက် တရက်အတွင်း လိုင်စင်မဲ့ကား အစီးရေ ၈၀ ကျော် ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက် ညနေ ၃ နာရီနောက်ပိုင်းကစလို့ လိုင်စင်မဲ့ကားတွေ ဆက်တိုက်ဖမ်းဆီးခံရပြီး ဖမ်းခံရတဲ့ကားတွေကို ၂၁၂ တပ် မြောက်ဘက်က ယာဥ်ထိန်းဌာနမှာထားကာ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ကားတွေက ပြန်ရွေးလို့ရပေမဲ့ Non CDM နဲ့ ပြည်သူတွေရဲ့ကားကတော့ ပြန်ရွေးလို့မရဘူးလို့ သိရပါတယ်။
မြို့ခံအမျိုးသားတယောက်က “အရမ်းခံရခက်တယ်။ W (လိုင်စင်မဲ့) ကားစီးတာချင်းတူတူကို ပြည်သူတွေကျ ပြန်မရဘဲ ဒီကောင်တွေပဲ ပြန်ရတာကျ မတရားဘူး” လို့ ပြောပါတယ်။
လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးရာမှာ မိန်းလမ်းကို အသုံးပြုပြီး သွားလာနေကြတဲ့ မြို့အပြင်က TBC၊ ၄ မိုင်၊ ၆ မိုင်နဲ့ ဟိုပုံးကကားတွေ ဖြစ်သလို မြို့တွင်းကိုဝင်တဲ့ ထွက်တဲ့ လမ်းတွေ၊ အဆင်း အတက် နေရာတွေကို နှစ်ဖက်လုံး ပိတ်ဆို့ဖမ်းဆီးတာကြောင့် ကားအများအပြား ဖမ်းဆီးခံရတာလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ကားအမျိုးအစားတွေက Toyota က Crown, Wish, Alphard၊ Honda က Ge6, Gp1, Freed, Gk3 တွေနဲ့ Hijet စတဲ့ ယာဥ်အမျိုးအစားတွေ ဖြစ်ပါတယ်။
စစ်တပ်က လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်မောင်းနှင်တာတွေကို ပြီးခဲ့တဲ့ ဇွန်လကစလို့ စီမံကိန်းလုပ်ပြီး နေ့စဥ်နဲ့အမျှ ဖမ်းဆီးနေသလို စစ်တပ်အသိုက်အဝန်းက သူတွေကတော့ ပြန်ရွေးလို့ရပြီး မမျှမတဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။