
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ဝါးကျောင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂ ရက် နေ့လယ် ၃ နာရီက ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ၄ ယောက် သေဆုံးခဲ့တယ်လို့ ရေးဘီလူး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပူးပေါင်းအဖွဲ့ဟာ ပွိုင့်ကြို ကင်းလွှတ်ထားပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကြားဖြတ် တိုက်ခိုက်စဥ် ပွိုင့်တက်လာတဲ့ အဖွဲ့ ၄ ယောက်ကို ရှင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “အာယုတောင် ဝါးကျောင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတာ DKBA ပူးပေါင်း စစ်ကောင်စီစစ်ကြောင်း၊ အင်အားကတော့များတယ်၊ ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ၄ ယောက်သေတယ်။ သူတို့ အဲဒီ ၄ ယောက်ရဲ့ အလောင်းတွေ ပြန်ကောက်သွားတယ်” လို့ ပြောပါတယ်။
ပြောက်ကျားစနစ်နဲ့ အမြန်တိုက် အမြန်ခွာ လုပ်ခဲ့ရတာလို့လည်း ဆိုပါတယ်။
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်တွေကို စစ်ကောင်စီတပ်က DKBA တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး ကရင်ပြည်နယ်၊ မြဝတီမြို့အနီးကိုလည်း လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကိုပါ မကြာခဏ ပြုလုပ်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။