
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ညောင်ပင်ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁ ရက်က စတင်ကာ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၃၀ နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “စစ်တပ်ဘက်က ၂ ရက်ဆက်တိုက်ရှို့တာ။ ခန့်မှန်း အိမ်ခြေ ၃၀ လောက် မီးလောင်ပျက်စီးပါတယ်။ တိုက်ပွဲတွေဖြစ်နေပါတယ်။ ရွာခံ ၁၅၀၀ ဝန်းကျင်လောက်ကတော့ ထွက်ပြေးကုန်ကြပြီ” လို့ ပြောပါတယ်။
အဆိုပါ ညောင်ပင်ကျေးရွာဟာ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြင်းခြံနယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက “သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ရှေ့တိုးလာလိုက်။ ကျနော်တို့ဘက်က ပစ်လိုက်၊ သူတို့ဘက်က နောက်ဆုတ်သွားလိုက်နဲ့ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတယ်။ သူတို့ ပြန်ဆုတ်သွားရရင် ဘာမှမဆိုင်ဘဲနဲ့ လူနေအိမ်တွေကို မီးရှို့တာပဲ။ ဒရုန်းတွေနဲ့လည်း ဗုံးကြဲတာတွေရှိတယ်”လို့ DVB ကို ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက် ကလည်း ညောင်ပင်ကျေးရွာကို မြင်းခြံမြို့ပေါ်က ပျူစောထီး သီတာယုမွန်နဲ့ အဖွဲ့ဟာ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
မြင်းခြံမြို့နဲ့ ၅ မိုင်ခန့်သာကွာဝေးတဲ့ အဆိုပါ ညောင်ပင်ကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေဖြစ်တယ်လို့လည်း သိရပါတယ်။