Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးပြီး တိုက်ပွဲပြင်းထန်နေ
DVB
·
October 5, 2025

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဝက်လက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဝက်လက်နယ်ထဲမှာ စစ်တပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ အရင်ရက်ပိုင်းကတည်းက စစ်ကြောင်းထိုးနေတာ။ တိုက်ပွဲတွေလည်း ပြင်းထန်နေသလို သူတို့ဘက်ကလည်း တော်တော်လေးအထိနာနေတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းတွေဟာ ဝက်လက်နယ်ထဲကို ပြီးခဲ့တဲ့လကုန်ပိုင်းကတည်းက ဝင်ရောက်လာတာ ဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့ကစလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင် က “စစ်တပ် စစ်ကြောင်းတွေက ဝက်လက်နယ်မြောက်ဘက်၊ တောင်ဘက်နဲ့ အရှေ့ခြမ်းတွေမှာ စစ်ကြောင်း ၃ ကြောင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ။ မြောက်ဘက်က ရန်သူ့စစ်ကြောင်းကတော့ အတော်လေးအထိနာတယ်။ အရှင်ဖမ်းမိသူ ၃ ယောက် ရှိတယ်။ သူတို့အထိနာပြီးတော့ ရှေ့ဆက်မတိုးနိုင်တဲ့ အခြေအနေရှိတယ်။ အရှေ့ခြမ်းက ရန်သူ့စစ်ကြောင်းက ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးတာရှိတယ်လို့ ကနဦးသိရပေမယ့် ကျနော့်ဆီကိုတော့ သတင်းအတိအကျ ရောက်မလာသေးပါဘူး။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေလို့ တိုက်ပွဲတွေရဲ့ အသေးစိတ် ​အခြေအနေတွေကတော့ နောက်မှ သတင်းထုတ်ပြန်ပေးပါမယ်” လို့ DVB ကို ပြောပါတယ်။

ဝက်လက်နယ်ထဲကို မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၂ ရက် ညနေပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဝက်​လက်မြို့နယ်ထဲကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်နေတဲ့အတွက် ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်လက်အောက်ခံတွေဟာ တမာကန်ကျေးရွာကို ဝင်ရောက်စီးနင်းတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးကြတဲ့ ရွာခံတွေကို လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်လို့ အသက် ၈၀ အရွယ် ဒေါ်မေပု၊ မွေးရာပါမသန်စွမ်းသူ အသက် ၂၇ နှစ်အရွယ် ကိုဇော်ဘုန်းခိုင် တို့ သေဆုံးခဲ့ရသလို ဒဏ်ရာရသူ​တွေနဲ့ အဖမ်းခံရတဲ့ပြည်သူတွေလည်း ရှိတယ်လို့လည်း Wetlet Informational Network ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013