
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့မှာ အသက် ၇ နှစ်အရွယ် ကလေးငယ်ကို သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ တရားခံကို ဟင်္သာတခရိုင်တရားရုံးက ထောင်ဒဏ် တသက်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဟင်္သာတမြို့၊ ရွှေကူရပ်ကွက်မှာနေတဲ့ အသက် ၇၃ နှစ်အရွယ် တရားခံ ဦးမြသန်းကို ဇန်နဝါရီ ၂၀ ရက်မှာ ဟင်္သာတခရိုင်တရားရုံးက ထောင်ဒဏ်တသက်ချ မှတ်လိုက်တာလို့ သိရပါတယ်။
တရားရုံးနဲ့ နီးစပ်သူတယောက်က “ခရိုင်တရားရုံးက အမိန့်ချတာ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၃) အရ၊ အသက် ၁၂ အောက်သာ ရှိသေးတဲ့ အမျိုးသမီးငယ်လေးတွေကို မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် တရားရုံးက ထောင်ဒဏ်တသက်ချမှတ်ခဲ့တာ” လို့ ပြောပါတယ်။
အဲ့ဒီသက်ငယ်မုဒိမ်းမှုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်ခံရတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်ဟာ ကျူးလွန်သူ ဦးမြသန်းရဲ့ မယားပါ မြေးဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ အခင်းဖြစ်ပွားခဲ့တဲ့ နေ့မှာပဲ ကလေးငယ်ရဲ့ အဘွားဖြစ်သူက ဟင်္သာတမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် ဖမ်းဆီး အရေးယူခဲ့တာလို့ သိရပါတယ်။
ဟင်္သာတမြို့ခံ ပညာရေးဝန်ထမ်းတယောက်က “သက်ငယ် မုဒိမ်မူတွေကို အခုလို ပြစ်ဒဏ်တွေ ချမှတ်တာ ကြိုဆိုတယ်။ မဟုတ်ရင် မလွယ်ဘူး။ ဒီလိုဖြစ်စဉ်တွေကလည်း နေရာအနှံ့ အဖြစ်များတယ်။ မိန်းကလေးငယ်လေးတွေအဖို့ ကြောက်လန့်ရင်လေးစရာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခု စက်တင်ဘာ ၉ ရက်ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင့်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှာ ၇ တန်းကျောင်းသူကို တရွာတည်းနေ အမျိုးသားတယောက်က အဓမ္မပြုကျင့်မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဘုရားငုတ်တိုရှမ်းစုကျေးရွာမှာ ၂၀၂၅ ခု စက်တင်ဘာ တတိယ အပတ်ထဲမှာ ဘုန်းကြီးတပါးက ၅ တန်းကျောင်းသူလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။


