
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ပစ်ခတ်လုပ်ကြံခဲ့သူကို နာရာခရိုင်တရားရုံးက ဇန်နဝါရီ ၂၁ ရက်မှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။
အသက် ၄၅ နှစ်အရွယ် တက်ဆုယယာမာဂါမိဟာ ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်က နာရာမြို့မှာ မဲဆွယ်နေတဲ့ ဝန်ကြီးချုပ်ဟောင်းကို လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ယာမာဂါမိက သူ့မိခင်ဟာ Unification Church ဘာသာရေးဂိုဏ်းကို အလှူငွေတွေ အဆမတန် ထည့်ဝင်ခဲ့တာကြောင့် စီးပွားပျက်ခဲ့ရတယ်လို့ တရားရုံးမှာ ထွက်ဆိုပါတယ်။
အဲဒါကြောင့် အဲဒီဘာသာရေးဂိုဏ်းနဲ့ပတ်သက်မှုရှိတယ်လို့ ယူဆရတဲ့ အာဘေးကို သူက ပစ်မှတ်ထား လုပ်ကြံခဲ့တာပါ။
ဒီအမှုမှာ သူ့ကို သွေးအေးလူသတ်သမားလို့ ရှုတ်ချကြပေမဲ့၊ တချို့ကတော့ မိသားစုပြိုကွဲပြီး ခက်ခဲခဲ့ရတဲ့ သူ့ဘဝအပေါ် စာနာမှုတွေလည်း ရှိနေကြတာပါ။
ယာမာဂါမိဟာ “ဘာသာရေးအလွဲသုံးစားလုပ်မှု”ရဲ့ သားကောင်ဖြစ်ခဲ့ရသူမို့ ထောင်ဒဏ် အနှစ် ၂၀ လောက်သာ ချမှတ်ဖို့ ရှေ့နေတွေက လျှောက်လဲခဲ့ကြပါတယ်။
သေနတ်ကိုင် အကြမ်းဖက်မှု ရှားပါးတဲ့ ဂျပန်နိုင်ငံမှာ အခုလို လုပ်ကြံခံရမှုဟာ ကမ္ဘာတဝန်းကို တုန်လှုပ်စေခဲ့သလို၊ ဘာသာရေးအဖွဲ့တွေက နောက်လိုက်တွေကို ငွေကြေးနဲ့ စိတ်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ပတ်သက်ဆက်နွှယ်မှုတွေအပေါ်မှာလည်း ပြင်းပြင်းထန်ထန် ဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။
Source: Reuters


