
တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးကို စစ်အုပ်ချုပ်ရေး ကြေညာမှုနဲ့ ဆက်စပ်ပြီး ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဇန်နဝါရီ ၂၁ ရက်မှာ ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက သမ္မတဟောင်း ယွန်းဆုခ်ယိုးလ်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့ ပတ်သက်ပြီး အဓိကပုန်ကန်မှုမှာ ပါဝင်ပတ်သက်မှုအပါအဝင် စွဲချက်တွေအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးဟာ စစ်အုပ်ချုပ်ရေး ကြေညာနိုင်ဖို့ လမ်းစဖွင့်ပေးခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးရဲ့ ဟန်ပြပုံစံတရပ် ဖြစ်ပေါ်လာအောင် ဖန်တီးပေးတဲ့နေရာမှာ ပြစ်မှုထင်ရှားတယ်လို့ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဒီဖြစ်ရပ်ကို "အထက်မှအောက်သို့ ပုန်ကန်မှု" လို့ တရားသူကြီးတယောက်က ခေါ်ဆိုခဲ့ပါတယ်။
အောက်တရားရုံးဟာ ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးကို လုပ်ကြံသက်သေထွက်ဆိုမှုနဲ့ အစိုးရရုံးသုံး စာရွက်စာတမ်းအတု ပြုလုပ်မှုတို့လို ဆက်စပ်ပြစ်မှုတွေအတွက်လည်း ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ဟန်ဒုတ်ခ်ဆူးဟာ လုပ်ကြံသက်သေထွက်ဆိုမှု တစိတ်တပိုင်းမှလွဲလို့ ကျန်စွပ်စွဲချက် အားလုံးမှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးဟာ စစ်အုပ်ချုပ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ရာဇ၀တ်မှုစွဲချက်တွေအတွက် အောက်တရားရုံးမှ စီရင်ချက် ချမှတ်ခံရတဲ့ ပထမဆုံးသော အစိုးရအဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ချပြီးပြီးချင်းမှာပဲ တရားရုံးက သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ အယူခံဝင်နိုင်တဲ့ စီရင်ချက်ဖြစ်ပြီး အောက်တရားရုံးတရားသူကြီးကလည်း ဒီဆုံးဖြတ်ချက်ကို တရားရုံးချုပ်အထိ အယူခံဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။


