
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ဗဟိုခရိုင်တရားရုံးဟာ ဇန်နဝါရီ ၂၁ ရက်မှာ ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးအပေါ် စွဲချက်တင်ဖို့ စီစဉ်ထားပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟန်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို ကာလတို စစ်အုပ်ချုပ်ရေး ကြေညာရာမှာ ကူညီခဲ့မှုနဲ့ ပုန်ကန်မှုကိုကူညီခဲ့မှု စွဲချက်တွေနဲ့ တရားစွဲဆိုခံထားရတာပါ။
နိုဝင်ဘာလတုန်းက နိုင်ငံရဲ့ အထူးရှေ့နေအဖွဲ့က ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးကို အဲဒီစွဲဆိုချက်တွေအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဟန်ဒုတ်ခ်ဆူးဟာ တရားမဝင်အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ “အုံကြွမှုရဲ့ ခေါင်းဆောင်”လို့ သတ်မှတ်ခံထားရတဲ့ သမ္မတဟောင်းယွန်းရဲ့ လုပ်ရပ်တွေကို ကူညီပံ့ပိုးခဲ့ခြင်းနဲ့ အားပေးအားမြှောက်ပြုခြင်းတွေနဲ့ စွပ်စွဲခံထားရတာပါ။
စွဲချက်အရ ဟန်ဒုတ်ခ်ဆူးဟာ နိုင်ငံတော်ရေးရာတွေမှာ ဒုတိယအကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်အနေနဲ့ သမ္မတရဲ့ အာဏာအလွဲသုံးစားပြုမှုကို စစ်ဆေးရမဲ့ တာဝန်ရှိပါတယ်။
ဟန်ဒုတ်ခ်ဆူးဟာ သူရင်ဆိုင်နေရတဲ့ အဓိကစွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သမ္မတဟောင်းယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာတာကို မတားဆီးနိုင်ခဲ့တဲ့အတွက် နောင်တရပေမဲ့ "ဒါကို ဘယ်တုန်းကမှ သဘောမတူခဲ့သလို ကူညီဖို့လည်း မကြိုးစားခဲ့ဘူး" လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးဟာ စစ်အုပ်ချုပ်ရေးနဲ့ ဆက်စပ်တဲ့ ရာဇ၀တ်မှုစွဲချက်တွေအတွက် အောက်တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခံရတဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင်ဟောင်း ဖြစ်လာဖွယ်ရှိပြီး သူ့ရဲ့အမှုဟာ ယွန်းရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ရုံးတင်စစ်ဆေးမှုတွေနဲ့ နောက်ဆက်တွဲထွက်ပေါ်လာမဲ့ တခြားစီရင်ချက်တွေအပေါ် သက်ရောက်မှု ရှိသွားနိုင်တာ ဖြစ်ပါတယ်။
Source:Reuters


