
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ အရပ်သား ၂ ယောက်ကို ရဲတပ်ဖွဲ့က ဒုရဲအုပ်က ငွေညှစ်တာမပေးလို့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီး ငွေညှစ်နေတဲ့ ရဲတပ်ဖွဲ့က ဒုရဲအုပ် ရဲလင်းအောင်ဟာ ဆိုင်ကယ်မောင်းလာတဲ့ အရပ်သား အမျိုးသား ၂ ယောက်ကို ရပ်တန့်ခိုင်းပြီး ငွေညှစ်ရာမှာ မပေးတဲ့အတွက် သေနတ်နဲ့ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း အမျိုးသားဟာ သေနတ်ကျည်ဆန် ခြေသလုံးထဲမှာ ကျန်နေခဲ့တဲ့အတွက် အသုတ်မြို့ဆေးရုံမှာ ခွဲစိတ်ထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “စစ်ဆေးနေတဲ့ရဲတွေက အချိန်ပြည့် အရက်မူးနေတာ။ မူးနေလို့ မှားယွင်းပစ်မိတာ မဟုတ်ဘူး။ မောင်းလာတဲ့ဆိုင်ကယ်က အကောင်းစားဆိုတော့ ငွေညှစ်တာ၊ ငွေများများ မပါလာသေးဘူးလို့ ပြောပြီး မောင်းထွက်တာကို တောင်းတဲ့ငွေကို အသာတကြည်မပေးလို့ သေနတ်နဲ့ပစ်ခတ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီ ရဲတပ်ဖွဲ့က ဒုရဲအုပ်ရဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသား ၂ ယောက်ဟာ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ စည်းခွကျေးရွာက အရပ်သားတွေဖြစ်ပြီး သက်ကြီးပိုင်း အမျိုးသားဟာ ခြေသလုံးကျည်ဆန်ဖောက်ဝင်ဒဏ်ရာနဲ့ အသက်ငယ်ပိုင်း အမျိုးသားဟာ ခြေသလုံး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရဲစခန်းနဲ့ နီးစပ်သူက “ရဲလင်းအောင်က ဒုရဲအုပ် နယ်ထိန်းခေါင်းဆောင်ပါ။ အသုတ်ရဲစခန်းကပဲ။ အသုတ်မြို့စခန်းမှူး ဇော်နိုင်ထွန်းရဲ့ မျက်နှာသာပေးတာကို ခံရသူပဲ။ စခန်းမှူးကို ငွေရှာပေးနေတဲ့သူလေ။ အခု စခန်းမှူးက ဖြစ်စဉ်ကို ဖုံးဖိဖို့လုပ်နေတာ” လို့ ပြောပါတယ်။
အဲဒီ အရပ်သားတွေကို သေနတ်နဲ့ပစ်ခတ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စခန်းမှူးက ဖြစ်စဉ်ကို သတင်းဖုံးဖို့အတွက် ပစ်ခတ်ခံရတဲ့ အရပ်သား ၂ ယောက်နဲ့ ဖြစ်စဉ်ကိုတွေ့ရှိတဲ့ အရပ်သား ၆ ယောက်ကို ရဲစခန်းကိုခေါ်ယူပြီး ကျေအေးကြောင်း ခံဝန်ထိုးခိုင်းတာ၊ ခြိမ်းခြောက်တာတွေပါ လုပ်ထားတယ်လို့ သိရပါတယ်။


