
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မြို့အတွင်းအပြင်လမ်းတွေကို လုံခြုံရေးအရ ညအချိန် ဖြတ်သန်းသွားလာ အသုံးပြုခွင့် ယာယီပိတ်ထားလိုက်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာ ပလဖ) က ဖေဖော်ဝါရီ ၇ ရက် ညမှာ ထုတ်ပြန်ပါတယ်။
မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူး က “မုံရွာမြို့ပေါ်အပြင် မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေ ရှုပ်ထွေးနေတာကြောင့် လမ်းပိုင်းအသုံးပြုခွင့်တွေကို အခုလို ယာယီပိတ်ပင်ရတာ” လို့ ပြောပါတယ်။
လုံခြုံရေးအခြေအနေအရ မုံရွာမြို့ အတွင်း အပြင်ကို မည်သည့်လမ်းပိုင်းကမဆို၊ မည်သည့်ယာဉ်အမျိုးအစားမဆို ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာအသုံးပြုခွင့်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညကစတင်ပြီး ရက်အကန့်သတ်မရှိ ခေတ္တယာယီ ပိတ်ထားလိုက်တာလို့ ပါတယ်။
မလိုက်နာကြသူတွေအနေနဲ့ ကိစ္စတစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မုံရွာမြို့ပေါ်မှာ အရပ်ဘက်မော်တော်ယာဥ်တစီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာရှိသလို ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အချင်းချင်း မှားယွင်းပစ်ခတ်ခဲ့တာတွေ ရှိခဲ့တယ်လို့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“၃ ရက်နေ့က TTC ကျောင်းနားမှာ အရပ်ဘက်ကားတစီးကို စစ်တပ်ဘက်က တရစပ်လိုက်ပစ်လို့ ပြည်သူ ၅ ယောက်လောက် သေပြီးတော့ ဒဏ်ရာရကြသူတွေ များကြတယ်။ အဲဒီဖြစ်စဥ်မှာ စစ်တပ်ဘက်ကတော့ မုံရွာခရိုင်တပ်ရင်းတခုက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လိုက်လာတဲ့ ကားကို ပစ်တာလို့ သတင်းထုတ်ပြန်ထားပေမဲ့ ကျနော်တို့ သိရသလောက်တော့ အဲဒီတပ်ရင်းရဲ့ ရဲဘော်တွေက တခြားနေရာတွေမှာ ရောက်နေကြတယ်ဗျ။ အဲဒီခရိုင်တပ်ရင်းဘက်ကတော့ သူတို့ဘက်က ရဲဘော်တွေ ဟုတ်၊ မဟုတ်ဆိုတာ တရားဝင်သတင်းထုတ်ပြန်လာတာတော့ မရှိသေးဘူးဗျ။ နောက်ပြီး ၇ ရက်နေ့မှာလည်း တော်လှန်ရေးရဲဘော်တွေရဲ့ ကားတစီးကို ပလဖ ဘက်က မှားပြီး ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်။ နေရာကတော့ လုံခြုံရေးကြောင့် ပြောပြလို့မရဘူးပေါ့။ ထိခိုက်ဒဏ်ရာရကြတာတွေ ရှိကြတယ်လို့လည်း သိရတယ်။ အဲဒီကိစ္စလည်း အပစ်ခံရတဲ့အဖွဲ့နဲ့ မြို့နယ် ပလဖ က လူကြီးတွေ ရှင်းနေကြတယ်။ ကျနော်တို့ မုံရွာမြို့နယ်ထဲမှာက စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေ ဆက်တိုက်လုပ်နေတော့ ဒီဘက်က ရဲဘော်တွေကလည်း လှုပ်ရှားကြရတဲ့ အနေအထားတွေ အများကြီးရှိနေတော့လေ အဲဒီလိုမှားပြီး ပစ်ခတ်တာတွေမဖြစ်အောင် လမ်းပိုင်း အသုံးပြုတာတွေ ယာယီပိတ်တယ်လို့ ယူဆပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
မုံရွာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေနဲ့ အင်အားတိုးမြှင့် ချထားတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့လည်း သတိနဲ့ သွားလာနေထိုင်ကြဖို့ သတိပေးလိုတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် မနက်ကလည်း မုံရွာ နမခ အနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘပ်က ၂ ပွင့်ဗိုလ် တယောက်အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကြကာ လက်နက်တချို့ သိမ်းဆည်းရရှိခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။


