
စစ်ကိုင်းတိုင်း၊ မုံရွာမြိုက တရားလွှတ်တော်ရှေ့နေတယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခေါ်ခံရသူဟာ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးနေဇော်ဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်၊မနက် ၅ နာရီ ၄၀ မိနစ်လောက်မှာ ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “လက်နက်ကိုင်အဖွဲ့ ၄ ယောက်က ဖမ်းခေါ်သွားတာ။ ကားတစီး နဲ့ ရောက်ရှိလာပြီး ဖမ်းခေါ်သွားတာ။ အလုပ်နဲ့ အပြင်ထွက်လာရင်း ဖမ်းခေါ်ခံရတာ” လို့ ပြောပါတယ်။
ဖမ်းခေါ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေဇော်ဟာ ဒီနေ့ ဇန်နဝါရီ ၃၀ ရက်အထိ ပြန်လွတ်လာခြင်း မရှိသေးဘဲ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ရှေ့နေ ဦးနေဇော်ကို ဘယ်လက်နက်ကိုင်အဖွဲ့က ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရသေးဘဲ DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။


