
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့လို့ လူနေအိမ် အလုံး ၄၀ နီးပါးနဲ့ တော်လှန်ရေးကာကင်းစခန်းတခု မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်စစ်ကြောင်းက မုံရွာတောင်ခြမ်းမှာရှိကြတဲ့ ရွာတွေကို စစ်ကြောင်းထိုးဝင်ပြီး ပေါက်ပင်ရွာနဲ့ နဂါးတွင်းရွာတွေကို မီးရှို့ဖျက်ဆီးသွားကြတာလို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးခံရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ကာကင်းစခန်း တခုအပြင် ပေါက်ပင်ကျေးရွာက လူနေအိမ် တလုံးနဲ့ နဂါးတွင်းကျေးရွာက လူနေအိမ် အလုံး ၄၀ နီးပါးတို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
မနက် ၁၀ နာရီလောက်မှာ မုံရွာတောင်ဘက်မှာရှိတဲ့ စွမ်းရည်ထက်ဂိတ်ကနေ အင်အား ၁၀၀ လောက်ထွက်လာတဲ့စစ်ကြောင်းက နေ့လယ်ပိုင်းမှာ ထနောင်းတောတောင်၊ ထနောင်းတောမြောက်၊ ပေါက်ပင်၊ မြင်သာ၊ မင်းကုန်း၊ ဆူးလေကုန်း၊ ထန်းလေးပင်ရွာတွေကို စစ်ကြောင်းထိုးဝင်လာလို့ ရွာခံတွေ ထွက်ပြေးကြရတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“အဲဒီမှာ သူတို့က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးသယ်ကြတယ်။ ညနေ ၄ နာရီလောက်မှာ နဂါးတွင်းရွာကိုဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ထပ်ခိုးသယ်ကြတယ်။ ညနေ ၅ နာရီခွဲလောက်မှစစ်ကြောင်းပြန်ထွက်တော့ အဲဒီ နဂါးတွင်းရွာကို မီးရှို့သွားကြတာပါ။ စစ်ကြောင်း ပြန်ထွက်သွားတော့မှပဲ ထွက်ပြေးကြတဲ့ ရွာခံတွေ ရွာတွေထဲ ပြန်ဝင်လာကြပြီး မီးလောင်တွေတဲ့အိမ်ကို ဝိုင်းပြီးမီးငြှိမ်းကြရလို့ ည ၈ နာရီလောက်မှ မီးငြိမ်းတယ်။ နဂါးတွင်းရွာက အိမ် ၄၀ လောက် မီးလောင်ပျက်စီးတယ်လို့ ခန့်မှန်းတယ်။”
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ကာကင်းစခန်းတခုလည်း မီးလောင်ပျက်စီးခဲ့ရပေမဲ့ အသေးစိတ်အခြေအနေတွေကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။
အဆိုပါ နဂါးတွင်းကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ စံပြကျေးရွာကြီးတရွာဖြစ်ကာ စစ်တပ်ရဲ့ စစ်ကြောင်းတွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှာတကြိမ်၊ စက်တင်ဘာ ၁၅ ရက်မှာ တကြိမ်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာတကြိမ်နဲ့ အခုတကြိမ် အပါအဝင် ၄ ကြိမ်ထက်မနည်း ဝင်ရောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။


