
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၀ ရက်က စစ်တပ်ရဲ့ စစ်ကြောင်းတခုကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အရာရှိ ဗိုလ်ကြီး တယောက် အပါအဝင် အများအပြား ထိခိုက်သေဆုံးကာ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မင်းကွန်းမြို့ပေါ်ကနေ စစ်ကိုင်းဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်လာကြတဲ့ စကစ စစ်ကြောင်းကို စစ်ကိုင်းမြို့နယ်ထဲက ချောင်းမကြီးရွာရဲ့ မြောက်ဘက်နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ” လို့ ပြောပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျား တပ်ဖွဲ့နဲ့အတူ People Servant Force ရတနာပုံတပ်ဦး၊ No More Dictatorship PDF (NMD) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံတဦးက “သူတို့ဘက်က အင်အား ၁၂၀ ဝန်းကျင်ပါတယ်။ တိုက်ပွဲထဲမှာ အဲဒီစစ်ကြောင်းထဲက ဗိုလ်ကြီး တယောက် အပါအဝင် ထိခိုက်သေဆုံးသူများလို့ စစ်ကြောင်းပျက်ပြီး မင်းကွန်းမြို့ပေါ်ကို ပြန်ဆုတ်ခွာသွားတာ ဖြစ်နိုင်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး။ သူတို့ ပြန်ဆုတ်သွားပြီးတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တဲ့အခါမှာ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကနေ G3 ကျည် ၈၅၅ တောင့်၊ 5.56 ကျည် ၇၉၆ တောင့်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ RPG အသီး ၃ လုံး၊ ပို့ယမ်း ၃ တောင့်၊ အီနာဂါဗုံး ၁ လုံး၊ MA ကျည်ဘောက် ၃ ခု၊ MA2 ကျည်ဘောက်ဝိုင်း ၁ ခုနဲ့ ငါးကြင်းမြှီးပြောင်းအပို ၁ ခုတို့ သိမ်းဆည်းရရှိခဲ့ပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်တပ်လက်အောက်ခံတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။


