
လာမဲ့ ဇန်နဝါရီ ၄ ရက်နေ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဈေးဆိုင်တွေကို နိုင်ငံတော်အလံ မဖြစ်မနေ လွှင့်ထူဖို့ အာဏာသိမ်း စစ်ကောင်စီတပ်က ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်ရေးနေ့မှာ ရန်ကုန်နဲ့ နယ်မြို့တွေ အပါအဝင် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ နိုင်ငံတော်အလံကို လွှင့်ထူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန် ဗိုလ်ချုပ်ဈေးမှာ ဈေးရောင်းချသူတယောက်က “ဒီမှာလည်း မဖြစ်မနေ အလံကိုတင်ရမယ် ပြောတယ်။ သူတို့ဆီက ဝယ်မလား၊ ကိုယ့်ဘာသာ ဝယ်မလားပေါ့။ အလံကို မတင်တာ တော်တော်ကြာပြီ။ ပြောရရင်လွတ်လပ်ရေးမှ မရသေးတာကို။ အခုဖြစ်နေတဲ့ အခြေအနေတွေကို လူတိုင်း သိတယ်။ ဘယ်သူမှလည်း လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်အလံကို တင်ဖို့ စိတ်ကူးမရှိကြဘူး။ လွတ်လပ်ရေးလည်း ရမနေဘူး” လို့ ပြောပါတယ်။
မကွေးမြို့မှာ စည်ပင်သာယာရေးကော်မတီက ဈေးဆိုင်တွေကို မိမိအစီအစဉ်နဲ့ ဒါမှမဟုတ် စည်ပင်သာယာရေးအဖွဲ့ကနေ အလံတွေ ဝယ်ယူပြီး လွှင့်ထူသွားဖို့ အသိပေး အကြောင်းကြားစာ ထုတ်ပြန်ထားပါတယ်။
မကွေးမြို့မှာ ဈေးရောင်းချသူတယောက်က “ဈေးဆိုင်ခန်းတွေမှာ မဖြစ်မနေ အလံလွှင့်တင်ထားရမယ် ပြောတယ်။ အလံမတင်တဲ့ ဈေးဆိုင်တွေကို အပြီးပိတ်မယ်၊ ရောင်းချခွင့်မပြုဘူး ပြောတယ်။ လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်အလံကို လွှင့်မထူတာ တော်တော်ကြာသွားပြီ။ အိမ်တွေမှာလည်း မလွှင့်တင်ထားဘူး” လို့ ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်ရနေ့မှာ နိုင်ငံတော်အလံကို လွှင့်ထူကြတာ မတွေ့ရတော့ဘဲ ရန်ကုန်မှာလည်း YBS ဘတ်စ်ကားတွေလောက်သာ နိုင်ငံတော်အလံကို လွှင့်ထူနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနှစ်မှာတော့ နိုင်ငံတော်အလံကို တနိုင်ငံလုံး လွှင့်ထူဖို့ စစ်တပ်က သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ ဈေးဆိုင်ခန်းတွေမှာ နိုင်ငံတော်အလံကို သင့်တော်တဲ့ အရွယ်အစား ရွေးချယ်ပြီး ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၆ ဇန်နဝါရီ ၄ ရက်အထိ လွှင့်ထူသွားရမယ်လို့ ဖိအားပေးထားပါတယ်။


