
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း တကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုတွေထပ်လုပ်ခဲ့လို့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က အသေခံဒရုန်းတွေ အသုံးပြုပြီး ကျောက်ကလေကျေးရွာ ဘုန်းကြီးကျောင်း၊ အင်းတိုင်းကြီးရွာ ဘုန်းကြီးကျောင်းနဲ့ မင်းရပ်ကျေးရွာက စာသင်ကျောင်းတို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကျောက်ဖြူဒေသခံတယောက်က “ကျောက်ဖြူမှာက လူတွေက လေကြောင်းတိုက်ခိုက်မှုကြောင့် အတော်လေး ကြောက်လန့်နေကြတာ။ ဒီရက်ပိုင်းဆက်တိုက်ဆိုသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာ ရှိတယ်။ ၁၃ ရက်နေ့ကလည်း အင်တိုင်းကြီးနဲ့ ကျောက်ကလေရွာက ဘုန်းကြီးကျောင်းတွေကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင်း ကျောင်းဆောင်တွေ ပျက်စီးခဲ့သလို မင်းရပ်မှာ စစ်ရှောင်တွေ နေထိုင်ကြတဲ့ စာသင်ကျောင်းကိုလည်း အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တာရှိတယ်။ အရပ်သားထိခိုက်မှုတော့ မရှိဘူး။ ပြည်သူတွေလည်း အတော်လည်းကို စိုးရိမ်မှုတွေ မြင့်တက်နေကြတာ” လို့ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ကလည်း ကျောက်ဖြူမြို့နယ် င/လုံးစု အထက်ရွာနဲ့ အောက်ရွာတို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေ အပါဝင် အရပ်သား ၈ ယောက်သေဆုံးခဲ့ပြီး ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒါအပြင် ဒီဇင်ဘာ ၁၂ ရက်ကလည်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ဂွမြို့နယ်တို့က အရပ်သားတွေ နေထိုင်တဲ့ မြို့၊ ရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး အိုးအိမ် အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်မှုကို လက်မခံနိုင်တာကြောင့် အရပ်ဘက် ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်လာနေတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ် အထူးသတိပြုကြဖို့လည်း အာရက္ခတပ်တော်က အထူးတိုက်တွန်းထားပါတယ်။


