
စစ်ကိုင်းတိုင်း ဝက်လက်၊ ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ဒီဇင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာအနီးကို စစ်တပ်က ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီခွဲလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရွာသားတယောက်က “ဘာသတင်းရလို့တော့ မသိပါဘူးဗျာ။ လာကြဲတာကိုက လေယာဉ် ၂ စီးနဲ့ လာကြဲချသွားတာ။ အဲလိုကြဲချလို့ မသူဇာနွယ် အသက် ၃၄ နှစ်၊ ကိုတွတ်ပီ အသက် ၂၆ နှစ်၊ ဦးခင်မောင်လွင် အသက် ၇၀၊ မအေးမြတ်သူဇာ အသက် ၄ နှစ်တို့ နေရာတင် သေဆုံးခဲ့ရတယ်။ ဒဏ်ရာရသူလည်း ၁၀ ဦးထက်မနည်း ရှိနေတယ်ဗျ။ နောက်ပြီး လူနေအိမ် ၁၀ လုံးနီးပါးခန့် မီးလောင်ခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်ကို ဗုံးကြဲချသွားတာလို့ ဝက်လက်မြို့နယ် ပလဖအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“စစ်တပ်က အထင်နဲ့ကို ကြဲချနေတာ။ ဘယ်စစ်ရေးပစ်မှတ်မှ မရှိဘူး။ တောတဲတွေ စုပြီး တောင်ယာလုပ်ငန်း လုပ်နေကြသူတွေပါ။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့ တွေက Public နဲ့ ဆိုင်တဲ့ နေရာတွေမှာ စခန်းချနေထိုင်သွားလာတာတွေ မပြုလုပ်ဖို့ ကျနော်တို့ သက်ဆိုင်ရာလူကြီးတွေက သတ်မှတ်ထားတာရှိတယ်။ ဒီလိုချမှတ်ထားတွေကို ကျနော်တို့ မြေပြင်အဖွဲ့တွေအနေနဲ့ အထူးအလေးထား နေထိုင်ကြတယ်။ အခုဟာကတော့ စစ်တပ်က ပြည်သူကို အကြောက်တရားသွင်းဖို့ လုပ်ဆောင်နေတာလို့ပဲ ပြောချင်ပါတယ်။”
ဝက်လက်မြို့နယ်အရှေ့ဘက် ဧရာဝတီမြစ်တဖက်ကမ်းမှာရှိတဲ့ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဝက်လက် အရှေ့မြောက်ခြမ်းနဲ့ အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးအနီးက ကျေးရွာတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ရွှေဘိုမြို့နယ် နံ့သာကျေးရွာစာသင်ကျောင်းကိုလည်း ဒီဇင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီ အမှတ် ၂ ထောက်ပို့တပ်က ဒရုန်းတစီးနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ရာ ကျောင်းဝင်းအတွင်းဖြတ်သွားတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတယောက် ခြေထောက်ဗုံးစ ထိမှန်ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “စာသင်ကျောင်းထဲက ဘယ်သူမှမနေတာကြာပြီ။ ဗုံးက ကျောင်းအဆောင်ရှေ့ တလုံးကျတယ်၊ လယ်ထဲ တလုံးကျတယ်။ ကျောင်းက ရွာ ၂ ရွာကြားက ကျောင်းဆိုတော့ ကျောင်းထဲကနေ ဟိုဘက်ရွာ ဒီဘက်ရွာ ဖြတ်သွားတာတော့ရှိတယ်။ ကျောင်းထဲကနေ ဟိုဘက်ရွာဖြတ်သွားတဲ့ လူငယ်တဦး ခြေထောက်အစမှန်တယ် မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီလောက်ကလည်း မုံရွာမြို့ နမခမှ တက်လာတဲ့ Gyrocopter ၂ စီးနဲ့ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထွက်ပြေးနေရပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၅ ရက်ကလည်း စစ်တပ်က ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာ၊ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံးကြဲချခဲ့ရာ ပြည်သူ ၁၈ ယောက် သေဆုံးခဲ့သလို ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် ထူးကြီးကျေးရွာ ဘောလုံးကွင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ ဘောလုံးကစားနေတဲ့ လူငယ် ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


