
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၉ ရက်နေ့ကစလို့ ၅ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓမ္မငယ်၊ ဖလန်ပင်၊ ပေါက်ကုန်း၊ ကြိုးကြာကန်၊ ကြို့ပင်သာကျေးရွာတို့ကို စက်တပ်လေထီး၊ ဂျက်တိုက်လေယာဉ်တို့နဲ့ ဒီဇင်ဘာ ၁၃ ရက်ညအထိ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
နတ်တလင်းမြို့ကနေ စစ်ဘေးရှောင်နေတဲ့ ဒေသခံတယောက်က “ဒီကနေ့ဆိုရင်တော့ ၅ ရက်မြောက်နေ့ပေါ့။ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘူး။ မြေပြင်ကလည်း အင်အား ၁,၀၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာ။ ဖုန်းအင်တာနက်လိုင်းတွေလည်း ဖြတ်ထားခံရတယ်” လို့ပြောပါတယ်။
ဆက်သွယ်ရေးအခက်အခဲကြောင့် ပျက်စီးဆုံးရှုံးတာတွေကို မသိရသေးဘဲ မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “စက်တပ်လေထီးဆိုရင် ၂ နာရီ တခါလောက် ဗုံးကြဲနေတာ။ ခု ကြဲခံရတဲ့ရွာတွေက လူတွေဆို ဗုံးခိုကျင်းတူးပြီး နေကြရတာ။ တချို့ကတော့ ရွာမှာ မရှိကြတော့ဘူး။ ဘေးလွတ်ရာတွေ ရှောင်နေကြရတာ။ ခု ဗုံးကြဲခံရတဲ့ရွာတွေက ရွာအကြီးတွေပဲ၊ တရွာကို အိမ်ခြေ ၂,၀၀၀၊ ၃,၀၀၀ ကျော်ရှိတယ်။ တချို့ရွာတွေဆိုရင် အိမ်တွေ မီးလောင်ကုန်ပြီ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြေပြင်မှာရှိတဲ့ စစ်ကြောင်းကလည်း ပြည်သူတွေရဲ့အိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


