
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အပေါ် အလွန်စိုးရိမ်ပူပန်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အာဆီယံဥက္ကဋ္ဌက ဒီဇင်ဘာ ၁၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဗုံးကြဲခံရပြီး ၃ ရက်မြောက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၃၁ ယောက် သေဆုံး၊ ၇၆ ယောက် ဒဏ်ရာရတဲ့အပေါ် အလွန်စိုးရိမ်ပူပန်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒါဟာ ၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး အာဆီယံပဋိဉာဉ်ပါ အခြေခံစည်းမျဉ်းတွေကိုလည်း မလေးစားမလိုက်နာဘဲ လက်မခံနိုင်တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
အရပ်သားပြည်သူအားလုံးနဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဘေးကင်းလုံခြုံရေးအတွက် အဲဒီနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကို အမြန်ဆုံးရပ်တန့်ဖို့၊ အရပ်ဘက်-စစ်ဘက်ခွဲခြားတာမရှိဘဲ တိုက်ခိုက်တာတွေကို ချက်ချင်းရပ်တန့်ဖို့အတွက် မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံး ထိထိရောက်ရောက်လုပ်ပေးဖို့ အာဆီယံအနေနဲ့ တိုက်တွန်းပါတယ်။
ပြီးတော့ အာဆီယံခေါင်းဆောင်တွေ ၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို မြန်မာနိုင်ငံတဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ဆောင်ရွက်နိုင်ရေးနဲ့ ပတ်သက်တဲ့ ကြေညာချက်ကိုလည်း အပြည့်အဝအကောင်အထည်ဖော်ဖို့ ထပ်တိုက်တွန်းပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲပြီး မြန်မာပြည်သူလူထုအတွက် ပိုကောင်းတဲ့ အခြေအနေကိုရောက်ရှိစေနိုင်ရေးအတွက် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြေရှင်းနည်းတွေကို အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့လည်း တိုက်တွန်းပါတယ်။
မြောက်ဦးဆေးရုံဗုံးကြဲခံရလို့ ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံး ပြန်လည်သက်သာလာစေဖို့ ဆုမွန်ကောင်းတောင်းပေးပြီး ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ၊ ထိခိုက်ခံစားရသူတွေအတွက် လေးလေးနက်နက် စာနာနားလည်ပြီး အင်မတန် ဝမ်းနည်းကြေကွဲတယ်လို့လည်း ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR)ကတော့ ဒီလိုဗုံးကြဲတာဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး မြန်မာစစ်တပ်ဟာ အပြစ်ပေးမခံရဘဲ ဆက်ကျူးလွန်ခွင့်ရနေတယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။


