
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ဂျိုင်ရိုကော်ပတာ ၁ စင်း ပျက်ကျခဲ့ပြီး မောင်းသူ ၂ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူး က “နမခ ထဲမှာပဲ ဂျိုင်ရိုကော်ပတာ ၁ စင်း ပျက်ကျပြီးတော့ သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်ဗျ” လို့ ပြောပါတယ်။
မုံရွာ နမခ ထဲမှာ အရက ဂျိုင်ရိုကော်ပတာ ၅ စင်း ရှိနေပြီး အခု ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မိတ္ထီလာ ရှမ်းတဲကနေ နမခ ထဲကို ဂျိုင်ရိုကော်ပတာ အသစ် ၃ စင်း ထပ်ရောက်ထားတယ်လို့လည်း သိရပါတယ်။
မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့သိရသလောက်တော့ အဲဒီအချိန် ဒီပဲယင်းဘက်မှာလေကြောင်းတိုက်ခိုက်ပြီးပြန်လာတဲ့ ၂ စင်း ဆင်းတယ်။ နောက်တစင်းကလည်း အတက်အဆင်း ၂ ကြိမ်လောက်လုပ်နေရင်း မီးပွားတွေထွက်ပြီး ခေါင်းငိုက်စိုက်ထိုးနဲ့ နမခ ထဲပဲ ပျက်ကျတာမှာ ယာဉ်မောင်း ၂ ယောက်လုံး သေတယ်လို့ မျက်မြင်တွေဆီကနေ သတင်းပို့လာတယ်” လို့ DVB ကို ပြောပါတယ်။
မုံရွာ နမခ ထဲက ဂျိုင်ရိုကော်ပတာတွေဟာ ၁ ကြိမ်ပျံတက်ရင် ၃ စင်းနှုန်းနဲ့ မုံရွာမြို့နယ်အနီးတဝိုက်၊ ပေါက်၊ ကနီ၊ ဝက်လက်၊ မြင်းမူမြို့နယ်အထိ လေကြောင်းတိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
မုံရွာ နမခ အတွင်း ဂျိုင်ရိုကော်ပတာပျက်ကျခဲ့တာနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ကလည်း မုံရွာ နမခ ထဲကတက်လာတဲ့ စက်တပ်လေထီး ၁ စင်း မုံရွာ နမခ အနီး ပျက်ကျခဲ့ပါသေးတယ်။


