Home
မြန်မာသတင်း
ချောင်းဦးတွင် စစ်တပ်က အဘိဝံသဘွဲ့ရ ဆရာတော် ၁ ပါးနှင့် ပြည်သူ ၇ ဦးကို သတ်ဖြတ်
DVB
·
December 12, 2025

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကျီကုန်းရွာထဲ ဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းက ကျောင်းသစ်ကျောင်းက အဘိဝံသဆရာတော်အပါအဝင် ပြည်သူ ၈ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်မွန်ရွာ စစ်ကောင်စီ အထိုင်စခန်းကနေ ဒီဇင်ဘာ ၁ ရက်နေ့တည်းက ကျီကုန်းကျေးရွာထဲ ဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက ဆရာတော် ဦးသုမနဘိဝံသကို ဒီဇင်ဘာ ၆ ရက်နေ့လောက်မှာ သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရွာခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းအထိ ကျီကုန်းရွာထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိနေပြီး ဆရာတော်ရဲ့ ရုပ်ကလာပ် အခြေအနေကိုတော့ မသိရသေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

ဆရာတော်ဟာ ဒုက္ခိတဖြစ်လို့ ရွာထဲ စစ်ကြောင်းဝင်လာတဲ့အခါ ရှောင်တိမ်းရင် မခေါ်သွားနိုင်ဘဲ ကျောင်းထဲမှာပဲ ထားခဲ့ရတယ်လို့ ဆရာတော်ကို ပြုစုနေတဲ့ ဒါယကာတယောက်က ပြောပါတယ်။

“ခါတိုင်းခါ ကျနော်တို့ရွာထဲကို ဝင်ပါတယ်ဗျ။ ဝင်တဲ့အခါကျ‌တော့ ဆရာတော်ကို ဘာမှမလုပ်ဘူး။ သူ့ကို ဘာမှတော့ မလုပ်ဘူး၊ ၃၊ ၄ ကြိမ်လောက်ဝင်တာ ဘာမှမလုပ်ဘဲ ဒီတခေါက်ကျတော့မှ သူတို့ ဝင်သွားပြီးတော့ ဆရာတော်ကို ပစ်သတ်သွားခဲ့တာပေါ့။ ဆရာတော်က နေ့စဉ်နဲ့အမျှ ဂုဏ်တော်ရွတ်တာ၊ ပုတီးစိတ်တာ အဲဒါပဲလုပ်တာဗျ။ ဝိနည်းနဲ့လည်းညီတယ်။ ဒုက္ခိတဘဝ ရောက်တာတောင် ဝိနည်းနဲ့ပဲနေတယ်။”

စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တဲ့ ဆရာတော် ဦးသုမနာဘိဝံသဟာ သက်တော် ၆၁ နှစ်နဲ့  ဝါတော် ၄၁ ဝါ ရှိပြီဖြစ်တဲ့ ဂီလာန ဆရာတော်တပါး ဖြစ်ပါတယ်။
ဆရာတော်ဟာ ၁၃၅၄ ခုနှစ် ၇၅ ကြိမ်မြောက် စိန်ရတု စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာမေးပွဲ ဖြေဆိုအောင်မြင်ကာ စေတိယင်္ဂဏအဘိဝံသဘွဲ့ ရရှိတာဖြစ်ပါတယ်။

စေတိယင်္ဂဏအဘိဝံသဘွဲ့ဟာ မန္တလေးမြို့၊ သကျသီဟပရိယတ္တိ သာသနဟိတနဲ့ ရန်ကုန်မြို့ စေတိယင်္ဂဏပရိယတ္တိအသင်းတို့က ကျင်းပတဲ့ စာသင်တန်းနဲ့ ဓမ္မာစရိယစာချတန်း စာမေးပွဲကြီးတို့ကို အောင်မြင်မှသာ ရရှိတာဖြစ်ပြီး ၁၃၅၄ ခုနှစ် ၇၅ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာမေးပွဲမှာ ဆရာတော် ဦးသုမနဘိဝံသ အပါအဝင် ၅ ပါးပဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ချောင်းဦးမြို့နယ်က ဆရာတော်တပါးဖြစ်တဲ့ ဦးဇင်းဦးနန္ဒက “အဘိဝံသဆိုတာ ဘုန်းကြီးလောကမှာတော့ အင်မတန့် အင်မတန် လူရိုသေ ရှင်ရိုသေ ဘွဲ့တခုပေါ့။ စာသင်တန်း စာချတန်း ဆိုပြီး ၂ တန်းရှိတာပေါ့လေ။ ရှေ့စာသင်တန်းကကျတော့ ၂၇ နှစ်အတွင်း ဖြေရတာ၊ စာချတန်းကကျတော့ ၃၅ နှစ်အတွင်း ဖြေရတာ။ နိုင်ငံတော်နဲ့မဆိုင်ဘူး၊ အသင်းက လုပ်တာပေါ့နော်။ ရန်ကုန်အသင်း မန္တလေးအသင်းဆိုပြီးတော့ ၂ သင်းရှိတာ ဆရာတော်ကကျတော့ ရန်ကုန်အသင်း၊ စာသင်တန်းရော စာချတန်းရော ပြီးထားတာပေါ့ သူ့အသက် ၂၇ လောက်မှာပေါ့နော်။ မန္တလေးကျတော့ ဆရာတော်က စာသင်တန်းပြီးပြီးသား” လို့ မိန့်ပါတယ်။

ပရိယတ္တိစာမေးပွဲ၊ တိပိဋကစာမေးပွဲနဲ့ သကျသီဟ အဘိဝံသ စာမေးပွဲတို့ဟာ ရဟန်းလောကမှာ ဂုဏ်သိက္ခာ အကြီးမားဆုံး စာမေးပွဲတွေဖြစ်ပြီး သကျသီဟအဘိဝံသ စာမေးပွဲဟာ အခက်အခဲဆုံး စာမေးပွဲ ဖြစ်တယ်လို့ သံဃာတွေက ပြောကြပါတယ်။

ဆရာတော်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် အရင် စစ်ကြောင်းတွေ ဝင်တုန်းကလည်း ကျောင်းဝင်းထဲမှာ ကျန်နေခဲ့တာဖြစ်ပြီး ဒီတခေါက် စစ်ကြောင်းဝင်ချိန်မှာတော့ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ချောင်းဦးနယ်ထဲ ဝင်ရောက်နေတဲ့ စစ်ကြောင်းက ကျီကုန်းကျေးရွာက ပြည်သူ ၆ ယောက်၊ သန်းပင်ကန်ရွာက ပြည်သူတယောက်နဲ့ ဆရာ‌တော်တပါး အပါအဝင် စုစုပေါင်း ၈ ယောက်ကို သတ်ဖြတ်ထားသလို ကျီကုန်းကျေးရွာက လူနေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013