
အခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလ ပထမတပတ်တာမှာ စစ်ကောင်စီတပ်က နိုင်ငံနေရာအနှံ့ လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ ၅၇ ယောက် သေဆုံးခဲ့ပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့အတူ နိုင်ငံနေရာအနှံ့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေက ပြောပါတယ်။
အခု ဒီဇင်ဘာ တလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၉ ကြိမ် ပြုလုပ်ခဲ့လို့ ပြည်သူ ၅၇ ယောက် သေဆုံးခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ကိုင်းတိုင်းက ၂၃ ကြိမ်နဲ့ အများဆုံး တိုက်ခိုက်ခံခဲ့ရပြီး ဗန်းမောက်မြို့နယ်၊ ဘုတလင်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေကို အဓိကတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၁၈ ယောက် သေဆုံးပြီး ၂၂ ယောက် ထိခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ရေဦးနယ်အခြေစိုက် People’s Defense Comrade အဖွဲ့က ကိုထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
“ပြီးခဲ့တဲ့ နိုဝင်ဘာလက စပြီးတော့ ရွှေဘိုနယ်၊ ဝက်လက်နယ်၊ ဒီပဲယင်းနယ်၊ ရေဦးနယ်၊ ဘုတလင်နယ်၊ ကနီနယ်၊ မင်းကင်း၊ ခင်ဦး၊ တန့်ဆည် ဒီမြို့နယ်အတွင်းက ကျေးရွာတွေကို အကြောင်းမဲ့ပေါ့နော် ဂျက်ဖိုက်တာတွေကို ၂ စီးကနေ ၃ စီး၊ ၄ စီးအထိ သုံးပြီးတော့ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေဘက်ကို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်တယ်ပေါ့။ ဒီကနေ့ အစောပိုင်းမှာပဲ ရွှေဘိုနယ် အနောက်ခြမ်းကို မိတ္ထီလာကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီကနေ့ နေ့လယ်ပိုင်းမှာ ကနီနယ်အတွင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်။”
ပဲခူးတိုင်းထဲမှာတော့ ဒီဇင်ဘာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းထဲမှာ အရင်က လေကြောင်းတိုက်ခိုက်မှု သိပ်မရှိခဲ့ပေမဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်ဆောင်နေတာ တွေ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရွေးကောက်ပွဲပျက်စီးမှာ၊ မလုပ်ဖြစ်မှာ ကြောက်ရွံ့တဲ့အတွက် ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်းနဲ့ ရိုးမနဲ့နီးတဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခန ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်တွေက သူတို့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ သာယာဝတီခရိုင်က တော်လှန်ရေးခေါင်းဆောင်တယောက်က ပြောပါတယ်။
“ကြောက်မဲ မဲပြီးတော့ သူတို့ရဲ့ ရွေးကောက်ပွဲရပ်မှာ မြို့တွေ ရွာတွေ တက်ပြီးတော့ အသိမ်းခံရမှာကို ကြောက်နေလားတော့ မသိဘူးပေါ့နော်။ နိုဝင်ဘာ၊ ဒီဇင်ဘာမှာဆိုရင် ပဲခူးတိုင်းမှာဆိုရင် အတော် အခြေအနေဆိုးတယ်။ ပဲခူးတိုင်း အနောက်ခြမ်း၊ အရှေ့ခြမ်း ရိုးမနဲ့ အနီးစပ်ဆုံး ကျေးရွာတွေ အကုန်လုံးကို သူတို့ လိုက်ပြီးတော့ တိုက်ပွဲရှိရှိ မရှိရှိ တိုက်ပွဲမလို့ တိုက်တယ်ဆို ကျနော်တို့ လက်ခံလို့ရသေးတယ်။ အသားလွတ်ကို လိုက်ပြီးတော့ အားတိုင်း ယားတိုင်း ရခိုင်ကို ဗုံးကြဲသလို ကြဲနေတာတွေ တွေ့ရတယ်။ အပြစ်မဲ့ပြည်သူတွေချည်း သေတယ်။ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးတယ်၊ ရဟန်းသံဃာတွေ ပျံလွန်တော်မူတယ်။”
ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ ပြည်သူ ၅၇ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဘာသာရေးအဆောက်အအုံ ၅ ခုနဲ့ စာသင်ကျောင်း ၃ ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သီရိ


