
မကွေးတိုင်း မင်းဘူးမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ၂ ယောက်အား သတ်ဖြတ်ပြီး ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်ကစပြီး စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားကို အင်အား ၁၂၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၄ ရက်မှာ ရွှေကြောင်းရွာက အသက် ၄၀ နှစ်အရွယ် အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်သတ်သွားပြီး အသက် ၂၀ အရွယ် လူငယ်တယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းရဲ့ တာဝန်ရှိတယောက်က “အဲဒီစစ်ကြောင်းကတော့ အခုရွှေစက်တော် ဘုရားကို ရောက်သွားပြီ။ အဲဒီကနေ မကွေးဘက်ကိုပြန်သွားပြီလို့ သိထားရတယ်။ ဖမ်းဆီးခံရသူတွေ အခုအချိန်ထိတော့ ပြန်မလွတ်သေးဘူးဗျ။ သတ်ခံရသူတွေ အမည်ကိုတော့ မိသားစုလုံခြုံရေးအရ ထုတ်ဖော်ပြောဆိုလို့မရပါဘူး” လို့ DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်မှာလည်း ကူရွာကို စစ်ကြောင်းထိုးဝင်လာပြီး အသက် ၅၀ အရွယ် အမျိုးသားတယောက်ကို ပစ်သတ်ခဲ့တဲ့အပြင် ၃၅ နှစ်အရွယ် အမျိုးသားတယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ကုတင်ကုန်းရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိတာကြောင့် ကုတင်ကုန်းရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်မှာတော့ အဲဒီစစ်ကြောင်းဟာ လက်ပတောရဲစခန်းကို ဝင်ရောက်လာချိန် တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အမှတ် ၂၅၃၊ ၂၅၄ နဲ့ ၂၅၅ ခြေလျင်တပ်ရင်းတွေဟာ စကုမြို့အနီးကို ထပ်ပြီးရောက်နေတယ်လို့ သိရပါတယ်။


