
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သေတ္တရာရွာကို ဒီဇင်ဘာ ၈ ရက် မနက် ၃ နာရီမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရွာသားအားလုံးကို ဖမ်းဆီးကာ ရိက္ခာတွေ လုယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့ကနေ အင်အားအများအပြားနဲ့ ထွက်လာပြီး ရိက္ခာလုယုသွားတာလို့လည်း ရွာသားတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “မနက်ခင်း ၃ နာရီအချိန်ကြီးကို ရုတ်တရက် ဝင်လာတာ။ ဝင်လာတဲ့ပုံစံကလည်း တရွာလုံးကို ပတ်ဝိုင်းထားပြီး ဝင်လာတာ။ ဘယ်သူမှ ထွက်ပြေးလို့မရဘူး။ ထွက်ပြေးတဲ့လူ အကုန်ပစ်သတ်မှာလို့လည်း ပြောတယ်။ နောက်ပြီး ရွာထဲက ပြည်သူ့နေအိမ်တွေထဲ ဝင်ပြီး ဆန်၊ ဆီ၊ ဆား အပါအဝင် ဟင်းချက်စရာတွေကို အကုန်ယူတယ်။ ပိုက်ဆံနဲ့ လက်ဝတ်လက်စား ရွှေတွေပါ အကုန်ယူခံရတဲ့သူတွေလည်း ရှိတယ်။ သူတို့ အဲဒါတွေ အကုန်ယူပြီး ညနေ ၃ နာရီလောက်မှာ ရွာကနေ ရိက္ခာတွေယူပြီး ပြန်ထွက်သွားတယ်။ ရွာသားတွေတော့ ဖမ်းခေါ်သွားတာတော့ မရှိဘူး” လို့ ပြောပါတယ်။
သေတ္တရာရွာဟာ ပုလဲမြို့နဲ့ ၂ မိုင်ခန့်သာဝေးပြီး အိမ်ခြေ ၄၇၆ အိမ်ရှိတဲ့ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ခေါင်းဆောင်တယောက်က “မအလရဲ့ မယားပါသားတွေက သူတို့ပထွေးက စားစရာရိက္ခာတောင် ပြည့်စုံအောင် မပေးနိုင်လို့ ပြည်သူ့ရိက္ခာကို ဝင်လုတာပေါ့။ ပြည်သူကို ကာကွယ်ပါမယ်ဆိုတဲ့ စစ်တပ်က ပြည်သူ့ရိက္ခာကို ဝင်လုတယ်ဆိုတော့ စဉ်းစားသာကြည့်လိုက်တော့ဗျာ။ စစ်တပ်နဲ့ အနီးဆုံးမှာနေတဲ့ ပြည်သူတွေ အနေနဲ့ အထူးဂရုပြု နေထိုင်ကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ စစ်တပ်က အင်မထီး၊ ဇီးဖြူကုန်း၊ မင်းတိုင်ပင်၊ ကန့်ဒေါင့်နဲ့ ပုလဲမြို့ပေါ် စတဲ့ နေရာတွေမှာ အထိုင်ချ တပ်စွဲနေပြီး ရိက္ခာပြတ်တောက်လာတိုင်း အခုလိုမျိုး ပြည်သူ့ရိက္ခာတွေကို လုယူလေ့ရှိတယ်လို့လည်း သိရပါတယ်။


