Home
မြန်မာသတင်း
ဒီးမော့ဆို စစ်ရှောင်များ နေရပ်ပြန်ပါက ဆန်စပါးထောက်ပံ့မည်ဟု စစ်တပ်က စည်းရုံး
DVB
·
December 8, 2025

စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ရင်ဆိုင်နေရတဲ့ ဒီးမော့ဆိုနားတဝိုက်က စစ်ရှောင်တွေကို နေရပ်ပြန်လာရင် ဆန်စပါးထောက်ပံ့ပေးမယ်ဆိုပြီး စစ်တပ်က မဲဆွယ်စည်းရုံးမှုတွေ လုပ်နေပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုနဲ့ နန်းမယ်ခုံနားတဝိုက်ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်ပေမဲ့လည်း စပါးစိုက်ခင်းရှိတဲ့ နေရာတွေကို စစ်တပ်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေ ရှိတယ်လို့ စစ်ရှောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

အဲဒီလို ပစ်ခတ်တဲ့အတွက် စပါးသွားရိတ်တဲ့ စစ်ရှောင်တွေ သေဆုံးတာတွေ ရှိသလို ပစ်ခတ်တာတွေကြောင့် မရိတ်ရဲတဲ့ စပါးခင်းတွေကိုလည်း စစ်တပ်က ရိတ်သိမ်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။

ဒီးမော့ဆိုဒေသခံတယောက်က “အခုက လူထုတွေက စိုက်ပျိုးထားတဲ့သီးနှံ အားလုံးမှာ တခါ စစ်ရှောင်ထပ်ပြေးရတယ်၊ သူတို့(စစ်တပ်) ရောက်လာတော့ ပြေးရတယ်။ သူတို့(စစ်တပ်)ကိုလည်း ဘယ်လိုယုံမတုန်း၊ မိတာနဲ့ လူထုကို အမျိုးမျိုး နှိပ်စက် သတ်ဖြတ်တာပဲနော်။ နေ့စဥ်နဲ့အမျှ အခုအချိန်ထိပဲ။ အဲ့တော့ ဒီအသီးအနှံတွေကို သူတို့ပဲယူ သူတို့ပဲခိုး သူတို့ပဲ ပြည်သူတွေကို ဗန်းပြပြီးတော့ မသိရင် သူတို့ပဲ လူကောင်းပေါ့၊ အဲလိုပုံစံ၊ အခုဆိုလည်း ဒီ ဒီးမော့ဆိုမှာလည်း ကျန်ခဲ့တဲ့ စပါးတွေဆို မရိတ်ရဲဘူး။ သွားရိတ်ရင် ဆရာကြားတဲ့အတိုင်းပဲ ဒရုန်းချလိုက် စနိုက်ပါနဲ့ လှမ်းပစ်လိုက်နဲ့ ပြည်သူတွေကလည်း အဲ့မှာ သေတာပဲ။ အဲ့တော့ ပြည်သူတွေ မရိတ်ရဲတဲ့နေရာတွေ အကုန်လုံး ချန်ထားတော့ သူတို့ပဲရိတ်ပြီးတော့ သူတို့ပဲ ပြန်ထောက်ပံ့ပြနေတာ” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်က လူဦးရေ ၃ သိန်းလောက်ရှိတဲ့ ကရင်နီပြည်နယ်ဟာ အာဏာသိမ်းပြီး ၅ နှစ်တာ ကာလအတွင်းမှာ စစ်ရှောင်ဦးရေက ၂ သိန်းကျော်အထိ ရှိလာခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ရှောင်ဦးရေ တိုးလာတာနဲ့အတူ စစ်ရှောင်စခန်းတွေမှာ အလုပ်အကိုင်မရှိတာတွေ၊ အလှူရှင်နည်းပါးလို့ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေကြောင့် စစ်ရှောင်တွေဟာ လယ်အလုပ်ကိုပဲ တိုက်ပွဲတွေကြားကနေ ပြန်လုပ်နေရတာ ဖြစ်ပါတယ်။

တဖက်မှာ စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ လယ်ကွင်းတွေနဲ့ လယ်သမားတွေဆီ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လယ်ပြန်မရိတ်နိုင်အောင် လုပ်နေတာဖြစ်ပြီး ပြန်မရိတ်နိုင်တဲ့လယ်တွေကို စစ်တပ်က ဝင်သိမ်းတာတွေ ရှိနေပါတယ်။

တချိန်တည်းမှာပဲ စပါးရိတ်တဲ့ စစ်ရှောင်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ စစ်တပ်က စစ်ရှောင်တွေ နေရပ်ပြန်လာရင် ဆန်စပါးထောက်ပံ့မယ် ဆိုပြီး မဲဆွယ်စည်းရုံးနေတာလို့ ဒီးမော့ ဆိုဒေသခံတွေက DVB ကို ပြောပါတယ်။

အဲဒီလို မဲဆွယ်နေတဲ့အတွက် ငွေတောင်ဆည်နားတဝိုက်နဲ့ ဒီးမော့ဆိုနားတဝိုက်က စစ်ရှောင်တချို့ နေရပ်ပြန်နေကြတယ်လို့ ဒေသခံတွေက ဆက်ရှင်းပြပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေရဲ့ အခြေအနေဟာ ရွေးချယ်စရာမရှိတဲ့ အခြေအနေတွေမို့ အဲဒီလို နေရပ်ပြန်တဲ့သူတွေအပေါ် နားလည်ပေးနိုင်ကြောင်း ဒီးမော့ဆိုဒေသခံက ဆက်ရှင်းပြပါတယ်။

“လူထုတချို့က ပြန်ကုန်ကြတယ်လေ၊ ငွေတောင်ဘက်ဆိုလည်း လူထုပြန်နေတယ်။ ဒီးမော့ဆို ဆိုလည်း တချို့ပြည်သူတွေ ပြန်နေတယ်။ ပြီးရင် သူတို့ပြောထားတဲ့အတိုင်း ရအောင်လုပ်မှာပဲ၊ အဲ့တော့ ပိုကြမ်းလာဖို့ပဲ ရှိမှာပေါ့။ လူထုက ဒီဒဏ်ကို ကြာကြာမခံနိုင်ဘူး။ စိတ်ပူတယ်။ အခုထဲကပေါ့။ အလှူရယ် ကူညီတဲ့အဖွဲ့အစည်းရယ် နည်းလာတော့အလုပ်အကိုင်မရှိကြဘူး။ အဲ့တော့ စစ်ရှောင်ဆိုတော့ သိတဲ့အတိုင်းပဲ အလုပ်မရှိဘူးလေနော်။ ကြာလာတော့ သူတို့က ရွေးချယ်စရာမရှိတော့ဘူး။ ကိုယ့်တောင်ယာကို လယ်ပြန်လုပ်မယ်ဆိုပြီးမှ စစ်ကောင်စီဆွဲခေါ်သလိုမျိုးပဲ ပြန်နေကြတယ်။"

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဒီးမော့ဆိုနဲ့ ဖရူဆိုဘက်ခြမ်းတွေမှာ စစ်တပ်က စိုက်ပျိုးသီးနှံ ရိတ်သိမ်းတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

အဲဒီနောက်ပိုင်း လယ်ယာလုပ်ငန်းခွင်တွေအထိ တော်လှန်ရေးတပ်ပေါင်းစုဘက်က လုံခြုံရေး ယူပေးနေရတယ်လို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ရှင်းပြပါတယ်။

“ဥပမာ ကျနော်တို့ ဒီ ဖရူဆိုဘက်ခြမ်းဆိုရင် ကျနော်တို့ လုံခြုံရေးယူပေးရတယ်။ နောက် ဒီ Jammer ထောင်ပေးရတယ် ရိတ်သိမ်းဖို့အတွက်။ အဲ့မှာ သူတို့ ဒရုန်းတွေနဲ့ လာကြဲတာတွေ ရှိနေလို့။”

ဒီဇင်ဘာ ၇ ရက် ညကလည်း ဒီးမော့ဆိုရဲ့ နေရာ ၅ ခုထက်မနည်းကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘဲ အရပ်သားတွေရှိတဲ့ နေရာကို လာကြဲတာဖြစ်ပြီး လူအထိအခိုက် မရှိဘူးလို့လည်း သိရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၅ နှစ်တာ ကာလအတွင်း အရပ်သားနဲ့ စစ်ဘေးရှောင်ပြည်သူ အယောက် ၈၃၀ ကျော် သေဆုံးခဲ့ပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013