
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ဒီမြို့နယ်ထဲက အေးရွာလေးအောင်ချမ်းသာရွာကို စစ်တပ်ဘက်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲချခဲ့လို့ ရွာခံအမျိုးသားတဦး သေဆုံးသွားခဲ့ပါတယ်။ လူနေအိမ်တချို့နဲ့ စာသင်ကျောင်းဆောင်တွေ ပျက်စီးတာတွေရှိပေမဲ့ တခြားဒဏ်ရာရတဲ့သူတွေတော့ မရှိပါဘူး” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ အေးရွာလေးအောင်ချမ်းသာကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ကိုလင်း ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ကြို့ပင်ကောက် ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကိုကရင်လေးက “အဲဒီရွာတရွာတည်းကို သဲကုန်းဘက်ကနေ တက်လာတယ်လို့ သိရတဲ့ ပါရာမော်တာ ၃ စီးနဲ့ အချိန်ယူပြီး မိနစ် ၂၀ လောက်ကြာအောင် ဗုံးတွေကြဲသွားတာပါ။ ကြဲသွားတဲ့အလုံးရေက ၁၀ လုံးပါ။ အခုဆုံးသွားတဲ့ ကိုလင်းက ပါရာမော်တာလာတော့ အိမ်ရှေ့ကနေ နောက်ဘေးကရိုးထဲ ဆင်းပြေးတာမှာ ဗုံးတလုံးက သူရှိနေတဲ့နေရာနဲ့ မီတာ ၃၀ မှာကျပြီး ပေါက်ကွဲသွားခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့လည်း လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေ အထူးပြုလုပ်ထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။
Photos .... ကိုကရင်လေး


