
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ သုံးပင်ရွာအနီးကို စစ်တပ်က ဒီဇင်ဘာ ၇ ရက် နေ့လယ် ၂ နာရီလောက်မှာ လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူတယောက်သေဆုံး၊ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
“ဗန်းမောက်မြို့နယ် တောင်ပိုင်း၊ သုံးမြေဆုံ သတ္တုတွင်း ဧရိယာတဝိုက်က တနေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးတက် ဂျက်ဖိုက်တာ ၂ စင်း၊ ပေါင်၂၅၀ ဗုံး ၆ လုံးနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတာ။ ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်တာ။”
စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချတဲ့ နေရာဟာ ဗန်းမောက်မြို့ နဲ့ မိုင် ၂၀ ကျော်သာ ကွာဝေးတယ်လို့ သိရပါတယ်။
ဒေသတွင်း စစ်ရှောင်အရေး ကူညီသူတယောက်က “ဗန်းမောက်မြို့နယ်အတွင်း တနေရာမှာတော့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာတော့ ရှိပါတယ်ဗျ။ ဒါပေမဲ့ အခုကြဲချတဲ့ နေရာကတော့ ဘာတိုက်ပွဲမှ မရှိပါဘူး။ ရွှေသတ္တု တူးဖော်တဲ့ နေရာတွေကို ကြဲချသွားတာ။ အဲလို ဗုံးသီးကြဲချလို ကိုငြိမ်း (၃၃ နှစ်) ကတော့ နေရာတင် သေဆုံးခဲရတယ်။ နောက်ထပ် ဗုံးစထိမှန်လို့ ၅ ဦး ဒဏ်ရာရခဲ့ရတာတွေလည်း ရှိတယ်။ ဒဏ်ရာရ ၅ ဦးထဲက ၂ ဦးကတော့ အသက်အန္တရယ်အတွက် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက် ညကလည်း စစ်ကောင်စီက ဒီပဲယင်းမြို့နယ် မရကန်ရွာကို လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၁၉ ယောက် သေဆုံးခဲ့ရသလို ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


