စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲမှာရှိတဲ့ မော်လိုက်ကလေးကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Mawlaik Revolutions က ပြောပါတယ်။
စစ်တပ်နဲ့ ပျူတွေ ပေါင်းပြီး မော်လိုက်မြို့နဲ့ ၅ မိုင်လောက်ပဲ ဝေးတဲ့ မော်လိုက်ကလေးရွာကို မီးရှို့နေတာလို့ Mawlaik Revolutions ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက DVB ကို ပြောပါတယ်။
“အဲဒီ မော်လိုက်ကလေးရွာက အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီးတော့ ရွာခံတွေကတော့ စကစ ဘက်က မကြာခဏ စစ်ကြောင်းထိုးတာခံရလို့ တောတောင်တွေထဲမှာ ပြောင်းရွှေ့နေနေကြရတာ ၁ နှစ်နီးပါး ရှိနေပြီဖြစ်တယ်။ အရင်ရက်ပိုင်းမှာ ကလေးမှာအခြေစိုက်တဲ့ ဒကစ က ဒုတိယအဆင့်ရှိတဲ့သူ မော်လိုက်ကို ရောက်လာပြီးနောက်ပိုင်း မော်လိုက်မှာရှိကြတဲ့ ခမရ ၃၆၄၊ ၃၆၅၊ ၃၆၆ တပ်တွေနဲ့ ကင်းတပ်ပျူရွာက ပျူတွေပေါင်းပြီး မော်လိုက်ကလေးရွာကို ရောက်လာပြီးတော့ ရွာထဲမှာ လူမရှိတဲ့ အိမ်တွေက ပစ္စည်းတွေကို ခိုးသယ်ပြီး အိမ်တွေကို မီးရှို့နေကြတာပါ။ မြင်ရတဲ့ အခြေအနေကတော့ ရွာတောင်ခြမ်းကနေ စရှို့တယ်လို့ ယူဆရတယ်။”
စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းအထိ မော်လိုက်ကလေးကျေးရွာအတွင်းမှာ ရှိနေသေးတာကြောင့် မီးလောင်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် မော်လိုက်ကလေးကျေးရွာ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
မော်လိုက်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သိမ်းငှက်စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကနေ စက်တင်ဘာလကုန်ပိုင်းအထိ စစ်ဆင်ရေးကာလအတွင်း ပျူစောထီးကျေးရွာတွေ အပါအဝင် စစ်ကောင်စီတပ်စခန်း ၈ ခုထက်မနည်း သိမ်းပိုက်ရရှိခဲ့သလို ပျူစောထီးကျေးရွာ ၁၇ ရွာကိုလည်း ထိန်းချုပ်စိုးမိုးရရှိခဲ့ပြီးနောက်ပိုင်း တောင်သူတွေရဲ့ စပါးရိတ်သိမ်းချိန် ဖြစ်တာကြောင့် စစ်ဆင်ရေးရပ်နားထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ မော်လိုက်မြို့မှာရှိကြတဲ့ ခမရ ၃၆၄၊ ၃၆၅၊ ၃၆၆ တပ်တွေနဲ့အပြင် ပျူစောထီးကျေးရွာတွေက သူတို့အထိုင်စခန်းတွေကို အင်အားတိုးမြှင့်ချထားတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။













