
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် ဒီဇင်ဘာ ၆ ရက် မနက် ၉ နာရီလောက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁၁ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြစ်ဆုံကျေးရွာက မိဘမေတ္တာ ဓာတ်ဆီဆိုင်အနီးကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
မြို့ခံတယောက်က “ပထမတလုံးက မိဘမေတ္တာဓာတ်ဆီဆိုင်နားအနောက်ဘက်ကို ကျတာ၊ အုတ်တံတိုင်းဘက်။ နောက်တလုံးက ဓာတ်ဆီဆိုင်နား မျက်စောင်းထိုးကိုကျတာ။ အဲဒီအနားမှာ မိုးကုတ်ကနေ စစ်ရှောင်လာသူတွေနေတဲ့နေရာနားကို ကျတာ။ အဲဒီနားက ၅ ယောက် ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။
မိုးကုတ်ကနေ စစ်ရှောင်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်၊ ကွမ်းယာရောင်းသူ သက်ကြီးရွယ်အို တယောက် အပါအဝင် စုစုပေါင်း ပြည်သူ ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “စလာတာက ဂျက်ဖိုက်တာ ၂ စီးလာတာ။ ပထမတလုံးက မိဘမေတ္တာဆီဆိုင် အနောက်ထဲကို ကြဲတာ။ အဲဒီတလုံးကျတော့ အုတ်တံတိုင်းတွေ ပွင့်သွားတယ်။ နောက်တလုံးက မိဘမေတ္တာဆီဆိုင် မျက်စောင်းထိုး ဘယ်ဘက်ကို ကျတာ။ အဲဒီနားမှာ မိုးကုတ်မှာ စစ်ရှောင်နေတဲ့ ဗိုက်ကြီးသည်လင်မယားရယ်၊ သူတို့အသိ ဆွေမျိုးတွေရယ်၊ ၅ ယောက်လို့ ကြားတယ်ဗျ။ အဲဒီ ၅ ယောက်လုံး ပွဲချင်းပြီးဗျ။ အဘွားကြီးတယောက် ရှိတယ်။ ကွမ်းယာရောင်းတာ။ သူက ဗုံးစမှန်ပြီး ဦးခေါင်းပွင့်ထွက်သားတာ။ တံတားလွန်သွားပြီးရင် ရွှေတောတွေဘက်မှာ ၂ ယောက် ကျတယ်။ ပြီးတော့ တွင်ခုံနားလည်း ကျတယ်။ ကလေး ၃ ယောက် သေတယ်”လို့ ပြောပါတယ်။
စစ်တပ်ဟာ မြစ်ဆုံကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကိုလည်း PDF တွေက သိမ်းပိုက်ရရှိထားပါတယ်။


