
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်း သစ်ချိုပင်ရွာကို ဒီဇင်ဘာ ၅ ရက် မနက်အစောပိုင်း ၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချလို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် မိသားစု ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ဗုံးသီးက ၂ လုံး ကြဲချသွားတာဗျ။ နေအိမ်ပေါ်ကို တည့်တည့်ကျပြီး အသက် ၃၅ နှစ်အရွယ် ကိုမြင့်သူဝင်းနဲ့ မမေလွမ်းသူ၊ အသက် ၇ နှစ်အရွယ် ဝင်းလဲ့လဲ့ထွန်း စတဲ့ မိသားစု ၃ ဦး သေဆုံးခဲ့ရတယ်ဗျ။ ဒဏ်ရာရရှိသူက ၈ ဦးရှိတယ်။ အသက်အန္တရာယ်အတွက် မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်လို့ လူသေဆုံး ထိခိုက်ခဲ့ရတာအပြင် နွား ၉ ကောင်လည်း သေဆုံးခဲ့ရသလို အိမ် ၁၀ လုံး၊ ဆိုင်ကယ် ၂ စီး၊ ပုစဉ်းခေါင်းထော်လာဂျီတစီး ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “ပေါင် ၂၅၀ ဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်သွားတာ။ ချတာကတော့ ရွာပေါ်ကို တကြိမ်ပတ်ရင် ဗုံးသီးတလုံးနှုန်းနဲ့ ၂ ပတ် ပတ်ပြီး ၂ လုံး ကြဲချသွားတာ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့သက်သက် လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်သွားတာ။ စစ်ရေးပစ်မှတ်လည်း မရှိပါဘူး။ စစ်တပ်ရဲ့ လုပ်ရပ်တွေက ပြည်သူတွေအပေါ် ပိုပြီးတော့ ယုတ်မာရက်စက်လာပြီ” လို့ ပြောပါတယ်။


