
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြောက်ခြမ်း၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ထောက်ကြံ့ကုန်းရွာ ဆိပ်ကမ်းကို စစ်တပ်က ဒီဇင်ဘာ ၄ ရက် နေ့လယ် ၂ နာရီခန့်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်လို့ ချင်းတွင်းမြစ်အတွင်းမှာရှိတဲ့ မော်တော်တစင်း မီးလောင်ပြီး မော်တော်လုပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးလုပ်နေသူတယောက်က “မြေပြင်မှာ ဘာမှမရှိဘူး။ သူတို့ အကြောင်းမဲ့သက်သက်ကို လုပ်သွားတာ။ အဲလို ဗုံးကြဲချလို့ မော်တော်အလုပ်သမား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်ဗျ။ ကျန်တဲ့ မော်တော်လုပ်သားတချို့လည်း မြစ်အတွင်း ပျောက်ဆုံးနေတာတွေလည်း ရှိနေသေးတယ်။ အခု လေလောာဆယ် အတည်ပြုလို့ရသေးတာက ၂ ဦးသေပြီး ၂ ဦး ဒဏ်ရာရတာပဲ အတည်ပြုလို့ ရဦးမယ်။ သေဆုံးသူ ထပ်တိုးလာနိုင်သေးလားဆိုတော့ ရှိနိုင်သေးတယ်လို့ပဲ ပြောရမယ်။ အားလုံး မြစ်ထဲကျတာဆိုတော့ အခုလောလောဆယ် ကူညီရှာဖွေမှုတွေ လုပ်နေသေးလို့ အတိအကျ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
ထောက်ကြံ့ကုန်းရွာအနီး တနေရာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ လုံခြုံရေးနဲ့ စစ်ဆေးရေးစခန်းဂိတ်တခုရှိပြီး အဆိုပါစခန်းဂိတ်နေရာကို ကြဲချတာမဟုတ်ဘဲ သာမန်ပြည်သူတွေ လှုပ်ရှားသွားလာတဲ့ နေရာကို ကြဲချသွားတာလို့ သိရပါတယ်။
ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်း မုံရွာ နမခက တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးတို့နဲ့ ဗုံးကြဲချသွားတာ ဖြစ်တယ်ဗျ။ ဂျက်ဖိုက်တာ ၂ စင်း ပေါင်း ဗုံးသီး ၇ လုံးထက်မနည်း ကြဲချသလို ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့လည်း ဗုံးသီး ထပ်မံကြဲသွားသေးတယ်” လို့ ပြောပါတယ်။
စစ်တပ်က ဒီဇင်ဘာ ၃ ရက်ကလည်း ကနီမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂ လုံး ပျက်စီးကာ နွား ၃ ကောင်လည်း သေဆုံးခဲ့ပါတယ်။


