
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသာရွာကို စစ်တပ်က ဒီဇင်ဘာ ၂ ရက် ညနေ ၅ နာရီမှာ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲချတာကြောင့် အမျိုးသမီး ၂ ယောက် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “အလကားနေရင်းကို အကြောင်းမဲ့ လာကြဲချသွားတာ။ ဗုံးသီး ၂ လုံး ကြဲချတာ အမျိုးသမီး ၂ ဦး ကျည်စထိမှန်ဒဏ်ရာရတာရှိသလို လူနေအိမ် ၂ လုံး ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ကံသာရွာကို မုံရွာ နမခစစ်တပ်အတွင်းကနေ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ လာရောက်ကြဲချသွားတာလို့ သိရပါတယ်။
ဘုတလင်မြို့နယ် ပအဖ တာဝန်ရှိသူက “ကံသာရွာ တောင်ပိုင်းကို ကြဲချသွားတာ။ ကျနော်တို့ ဒဏ်ရာရသူ ၂ ယောက်ကို ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်ပေးပြီးခဲ့ပါပြီဗျ။ တိုက်ပွဲမရှိပါဘူး၊ အကြောင်းမဲ့ကို လာရောက်ကြဲချသွားတာပါ” လို့ ပြောပါတယ်။
ကံသာရွာဟာ ဘုတလင်မြို့နဲ့ ၂ မိုင်နီးပါးခန့်ဝေးပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ၂ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။


