
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို စစ်ကောင်စီလေတပ်က ဒီနေ့ ဒီဇင်ဘာ ၂ ရက် မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၅ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တံတားဦးကတက်လာတဲ့ တိုက်လေယာဉ်တစီးနဲ့ မနက် ၁၂ နာရီကျော်မှာ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်တာဖြစ်ပြီး မိသားစုဝင်တွေဖြစ်တဲ့ ကိုရှိုင်းကို (၂၅) နှစ်နဲ့ ဇနီးမစုမြတ်လင်း (၂၄) နှစ်၊ သမီးဖြစ်သူ ရွှေပုံ (၂) နှစ်တို့ သေဆုံးသလို မစုမြတ်လင်းရဲ့ အစ်ကိုနဲ့ မောင်ဖြစ်တဲ့ ကိုမောင်မောင်ဝင်း (၂၁) နှစ်၊ အသက် ၄၀ အရွယ် ဦးရန်နိုင်ဝင်းတို့ သေဆုံးတယ်လို့ သိရပါတယ်။
ဝက်လက်ဒေသခံတယောက်က ”တိုက်ပွဲဖြစ်တာလည်းမရှိဘူးဗျ။ တိုက်ပွဲဖြစ်သွားတဲ့ စိုင်နိုင်လေး ကတခြားစီပဲ။ ဝက်လက်မြို့နယ် အနောက်မြောက်၊ ဒါက ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ် ကမ်းဘေးက ရွာဗျ။ ဒဏ်ရာရသူတွေကိုတော့ သက်ဆိုင်ရာ ဆေးခန်းတွေမှာ ဆေးကုသမှုခံယူနေရတယ်” လို့ DVB ကိုပြောပါတယ်။
အဲဒီအပြင် ကလေးငယ်တွေအပါအဝင် စိုးရိမ်ရဒဏ်ရာရသူ ၅ ယောက်ရှိသလို နေအိမ် ၅ လုံး ပျက်စီးသွားပြီး လေကြောင်းတိုက်ခိုက်တဲ့နေရာဟာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့လည်း ဆိုပါတယ်။
စိုင်နိုင်လေးရွာမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က အဲဒီရွာထဲမှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စိုင်နိုင်တိုက်နယ် သိဒ္ဓိရှင်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ဝက်လက်မြို့နယ်) နဲ့ မဟာမိတ်ညီနောင်တပ်ရင်းတွေက ဝင်တိုက်ခိုက်တာသာရှိတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ် ရွှေဘိုတပ်မ ၄၂ ကနေ ဟောင်ဝှစ်ဆာတွေနဲ့ ၁၉ ကြိမ် ပစ်ကူပေးခဲ့ သလို မုံရွာနမခကနေ Gyrocopter ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာရှိပြီး စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး၊ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


