
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက တိုက်နယ်ဆေးရုံကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့ပြီး မြေပြင်ကလည်း စစ်ကြောင်းထိုးဝင်ရောက်လာလို့ ကျေးရွာ ၇ ရွာက ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “၂၈ ရက်နေ့ နေ့လယ် ၃ နာရီမထိုးခင်လောက်မှာ တန့်ဆည်မြို့နယ်ထဲက ရွာရှည်မြောက်ရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံနဲ့ မယ်ဇလီကုန်းရွာထဲကို တံတားဦးကနေတက်လာတဲ့ စစ်တပ်ရဲ့ဂျက်ဖိုက်တာ ၁ စီးက ဗုံးတွေကြဲပြီး Rocket တွေနဲ့လည်း ပစ်သွားလို့ ဆေးရုံအဆောက်အအုံတွေနဲ့ လမ်းတွေပျက်စီးခဲ့ပြီးတော့ ပြည်သူ ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ဗျ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ တန့်ဆည်မြောက်ခြမ်းက မူးတိမ်ပျူစောထီးကျေးရွာကိုလည်း နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ကျေးရွာ ၇ ရွာကပြည်သူတွေ ထွက်ပြေးနေကြရတယ် လို့လည်း ဆိုပါတယ်။
တန့်ဆည်မြို့နယ် ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “၂၈ ရက်နေ့ ညနေပိုင်းမှာ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီး သေနတ် ၅ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တဲ့ မူးတိမ်ပျူရွာဘက်ကို ကန့်ဘလူ–တန့်ဆည်အစပ်က ပျူစောထီး အားကောင်းတဲ့ မူးမြစ်ကမ်းဘေးရွာတွေကနေ စစ်သားနဲ့ပျူတွေ အင်အားအလုံးအရင်းနဲ့ ၂၉ ရက်နေ့ ညနေပိုင်းမှာ မူးတိမ်ပျူရွာစစ်ကြောင်းထိုးလာတယ်။ အင်အားဘယ်လောက်များလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူးပေါ့ဗျာ။ အဲဒီစစ်ကြောင်းက မူးတိမ်ရွာထဲဝင်ပြီး ဘေးပတ်ဝန်းကျင်ရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးနေရလို့ ရွာ ၇ ရွာက ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးနေကြရတယ်။ အဲဒီစစ်ကြောင်းနဲ့ တိုက်ပွဲအခြေအနေကတော့ လက်ရှိအချိန်မှာ တင်းမာနေတယ်လို့ပဲ ပြောလို့ရဦးမယ်။ ထွက်ပြေးကြတဲ့ ရွာ ၇ ရွာက ပြည်သူတွေအရေအတွက်ကလည်း ခန့်မှန်းလို့တော့ မရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကြောင့် သာဂလ၊ သာဂရ၊ ထန်းပင်ကုန်း၊ မူးကျင်းစု၊ အောင်စွာ၊ အက်ကြီးနဲ့ ထန်းပင်ဆိပ်ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
မြေပြင်စစ်ကြောင်းအပြင် စစ်တပ်ရဲ့ဒရုန်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကြောင့် နဘက်ကြီး–သဲစား–ရွာရှည်–မယ်ဇလီကုန်း–ပုတီး–စည်းသာ–ညောင်ကိုင်းလမ်းကို အသုံးပြုကြမယ့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း နယ်မြေအခြေအနေကို လေ့လာပြီးမှသွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


