ချင်းပြည်နယ် တီးတိန်မြို့အဝင် ဆိုင်းဘုတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းညီနောင်တပ်တွေ နိုဝင်ဘာ ၂၇ ရက် မနက်မှာ ဝင်ရေက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းလိုက်တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
တီးတိန်မြို့အဝင် ဆိုင်းဘုတ်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၂၆၉ ခြေလျင်တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကု ဝင်တိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိသလို စစ်သုံ့ပန်းတချို့ ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
PDF Zoland တာဝန်ရှိသူတယောက်က “တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ကျဆုံးတာရှိတယ်။ အရေအတွက် အတိအကျပြောလို့မရဘူး။ RPG ဗုံးသီးအပါအဝင် လက်နက်ခဲယမ်း သိမ်းဆည်းရမိပါတယ်။ စစ်သုံ့ပန်း ဖမ်းဆီးရမိတာလည်းရှိပါတယ်။ စစ်သုံ့ပန်းတွေကို သက်ဆိုင်ရာဌာနကို လွဲပြောင်းပြီး ထိန်းသိမ်းမယ်။ စစ်ဆေးမေးမြန်းမှုနဲ့ အရေးယူဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ဖို့ရှိပါတယ်” လို့ DVB ကို ပြောပါတယ်။
တီးတိန်မြို့အဝင် မုခ်ဦးအနီးမှာ စစ်ကောင်စီတပ်ဟာ အင်အား ၆၀ ဝန်းကျင်နဲ့ တပ်ခွဲ တခုစာဝန်းကျင် တပ်စွဲထားတာဖြစ်ပြီး တီးတိန်မြို့ လူအဝင်၊ အထွက်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဖြစ်သလို ချင်းညီနောင်တပ်ဖွဲ့တွေက ဝင်သိမ်းချိန် စစ်ကောင်စီတပ်ဘက်က တီးတိန်မြို့ထဲမှာ လမ်းပိတ်ဆို့တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ချင်းညီနောင်အဖွဲ့ဟာ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့တွေကို သိမ်းပိုက်ထားပြီးတော့ အာရက္ခတပ်တော် (AA) က ပလက်ဝမြို့ကို သိမ်းပိုက်ထားသလို ချင်းပြည်ကောင်စီတပ်တွေက တွန်းဇံမြို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့ပေါ်တွေမှာပဲ တပ်စွဲထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။







