Home
မြန်မာသတင်း
ရွာငံတွင် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးနေ
DVB
·
November 27, 2025

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ စစ်ကောင်စီ တပ်သားတွေက  လက်နက်အပြည့်အစုံနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဝေငှနေပါတယ်။ 

ရွာငံမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ နိုဝင်ဘာ ၁၆ ရက်နေ့က မိတ်ဆက်ဆိုင်းဘုတ်ထူခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက လက်နက်အပြည့်အစုံနဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံပေးဝေနေတာပဲ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးအတွေ့အကြုံရှိ အမတ်လောင်းတယောက်က  “တကယ်တမ်း အဲဒီလိုရှိခဲ့ပြီဆိုရင်တော့ ဒါသည် ၁၉၅၈ ဖဆပလ ရွေးကောက်ပွဲပုံစံမျိုး ဖြစ်တာပေါ့နော်။ တပ်ကလူတွေက သန့်ရှင်းတည်မြဲတွေ ကွဲကြတယ်လေ။ သန့်ရှင်း ဦးနုတို့အဖွဲ့နဲ့ ဦးဘဆွေတို့အဖွဲ့ ကွဲကြတယ်လေ။ ဆိုတော့ အဲဒီလိုပဲ လက်နက်ပြပြီးတော့ ဝင်ခဲ့လို့ ဦးအောင်ရွှေတို့တွေ အထုတ်ခံရတယ်ဆိုတာ အဲဒါကြောင့် တပ်ကပါ အငြိမ်းစားပေးခံရတာ။ အခုလည်း အဲဒီလိုမျိုးဖြစ်တယ်ဆိုရင်တော့ အဲဒီလိုပဲ မဲမသမာမှုလို့ စပြီးခြုံပြီးပြောရမှာပေါ့နော်။ နောက်ပြီးတော့ မဲမသမာမှုကြောင့် အာဏာထိန်းရပါတယ် ဆိုရင် ထပ်ပြီး ကျူးလွန်ကြဦးမှာလားပေါ့နော်။ နိုင်ငံ့မျက်နှာကို ဒီမိုကရေစီကို ဖော်ဆောင်ပါမယ်ဆိုတဲ့ ပုံစံအရဆိုရင်တော့ အဲဒါလေးတွေကို သေချာပြန်စိစစ်ဖို့လိုတယ်” လို့ ပြောပါတယ်။

ရွာငံမြို့နယ်ဟာ လာမယ့် ၂၀၂၆ ခု ဇန်နဝါရီ ကျင်းပမယ့် ဒုတိယပိုင်းရွေးကောက်ပွဲကျမှသာ ကျင်းပမယ့်မြို့ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်အပြင် ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ်တွေကိုလည်း စိုက်ထူထားပါတယ်။

စစ်တပ်က လိုက်ဝေတဲ့ လက်ကမ်းစာစောင်တွေမှာ ရွာငံမြို့နယ်ကနေ ဝင်ရောက်ရွေးချယ်ခံမယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၄ ယောက်ရဲ့ ကိုယ်ရေးအကျဥ်းနဲ့ မဲပေးနည်းစနစ်တွေ၊ ပါတီကြွေးကြော်သံနဲ့ ဆောင်ပုဒ်တွေကို ရိုက်နှိပ်ထားတာပါ။ 

အခုလို စစ်တပ်က လက်နက်အပြည့်အစုံနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း လက်ကမ်းစာစောင်တွေကို ဖိအားပေးခြိမ်းခြောက်သလို လိုက်လံဝေနေတာ လုံးဝမဖြစ်သင့်ဘူးလို့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတယောက်က ပြောပါတယ်။

“ယှဉ်ပြိုင်ခွင့် အခွင့်အလမ်းက အရမ်းကိုပေါ့နော်။ ယှဥ်ပြိုင်လို့မရတဲ့ အနေထားရောက်သွားတာပေါ့။ တခြားပါတီတွေ မဲဆွယ်စည်းရုံးဖို့ ခက်ခဲနေတဲ့အချိန်မှာ သူတို့က အဲဒီလိုပုံစံနဲ့ မဲဆွယ်နေတဲ့ ပုံစံဆိုရင်တော့ တခြားပါတီတွေက အင်မတန်နစ်နာသွားတာပေါ့။ နောက်ပြီးတော့လည်း အဲဒီလိုမျိုး ယူနီဖောင်းနဲ့ လက်နက်တွေလွယ်ပြီးတော့ ပါတီတွေကို မဲဆွယ်ပေးဖို့ ဆိုတာကလည်း ဒါ လုံးဝကို မဖြစ်ထိုက်တဲ့ကိစ္စပဲလို့ ကျနော်တို့က ယူဆတယ်။”

အခုလို လက်နက်အပြည့်အစုံနဲ့ ကြံ့ခိုင်ရေးပါတီအနိုင်ရရှိဖို့ စစ်တပ်က ဦးဆောင် ဆောင်ရွက်နေပေမဲ့ ရွာငံဒေသခံပြည်သူတွေကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ထားစရာ မရှိဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

ရွာငံဒေသခံတယောက်က “ရွေးကောက်ပွဲလည်း သိပ်မပြောတတ်ဘူး၊ ဝုန်းဒိုင်း ဝုန်းဒိုင်းပဲသွားမှာပဲ၊ အဲဒီလိုမျိုးပဲ မြင်တယ်။ အေးအေးချမ်းချမ်းနဲ့ လုပ်သွားဖို့ရာတော့ မမြင်ဘူး။ ကျနော်တို့အမြင်ကလေ ကျနော်တို့ လူထုအနေနဲ့ကတော့ သိပ်မျှော်လင့်ချက်လည်းထားလို့ မရဘူးပဲ။ သူတို့ ကြီးကြီးမားမား လက်ထဲမှာဆိုတော့ ကျနော်တို့ မျှော်လင့်ချက်က ဘာမှ မတွေးရဲဘူး” လို့ ပြောပါတယ်။ 

စိုက်ပျိုးရေးလုပ်ငန်းနဲ့ အဓိကအသက်မွေးကြတဲ့ ရွာငံမြို့နယ်မှာ ဝင်ရောက်အရွေးခံမယ့် အမတ်လောင်းတွေမှာ ဒေသခံတောင်သူ ၂ ယောက် ပါဝင်ပြီး ရုရှားကနေ သတ္တုဗေဒနဲ့ မဟာအင်ဂျင်နီယာဘွဲ့ရရှိထားတဲ့ ဒေသဦးစီးအဖွဲ့ဝင်တယောက်နဲ့ ရန်ကုန်မြို့က ကော်ဖီခြံလုပ်ငန်းလုပ်ကိုင်သူတယောက်လည်း ပါဝင်ပါတယ်။ 

စစ်တပ်က လက်နက်အပြည့်အစုံနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေနေတာက မဲမသမာမှုတွေ ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်လာတဲ့ အခြေအနေဖြစ်တယ်လို့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတချို့က သုံးသပ်ပြောဆိုပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013