
တရုတ်ဖိအားကြောင့် စစ်ကောင်စီကို ပြန်ပေးခဲ့ရတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲက ရုံး၊ ဂိတ် နဲ့ လုပ်ကွက်တွေမှာ စစ်ကောင်စီ တပ်သား ၁၀၀ ကျော် စတင် ဝင်ရောက် နေရာယူထားတယ်လို့ မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ကျောက်ဖားဂိတ် ၃၀၊ အောက်အချုပ်မှာ ၂၀၊ အပေါ်အချုပ်မှာ ၅၀၊ ဌာနဆိုင်ရာရုံးတွေမှာ ၄၀ နဲ့ ပြောင်းပြင်ရွာထိပ် ရတနာရှင် လုပ်ကွက်မှာ ၃၀ စုစုပေါင်း စစ်ကောင်စီ တပ်သား ၁၇၀ ခန့် ရောက်ရှိနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် မြို့ခံ အများစုလည်း တိမ်းရှောင်သွားပြီး မြို့ထဲမှာ ခြောက်ကပ်နေတယ်လို့ မိုးကုတ် ပကဖ တာဝန်ရှိသူ တယောက်က DVB ကို ပြောပါတယ်။
“မြို့အခြေအနေကတော့ တိတ်ဆိတ်ခြောက်ကပ်သွားပါပြီ။ မြို့ရဲ့ ပြည်သူအများစု တိမ်းရှောင်သွားပါပြီ။ လုံးဝ မပြောင်းမရွှေ့နိုင်တဲ့ လူအနည်းငယ်ပဲ ကျန်နေခဲ့ပါတယ်။ မြို့ထဲမှာလည်း စစ်ကောင်စီတပ်သားတွေ ရောက်နေပြီ။”
အလားတူ မိုးမိတ်မြို့ထဲကိုလည်း နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်းကစပြီး စစ်ကောင်စီ တပ်သား တချို့ တဖြည်းဖြည်း ဝင်ရောက်လာပြီး မြို့အတွင်း နေအိမ်တွေမှာ နေရာယူထားတယ်လို့ မိုးမိတ်က စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မိုးမိတ်နဲ့ မိုးကုတ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကိုလည်း မြို့အပြင်ကို ဆုတ်ခွာဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတိပေးခဲ့ပြီးနောက် မြို့ထဲကို စစ်ကောင်စီတပ်တွေ ပြန်လည် ဝင်ရောက်နိုင်ဖို့ TNLA တပ်သား အင်အားအများအပြားကိုလည်း ဖြန့်ကြက်ထားတယ်လို့ ဆိုပါတယ်။
တရုတ်အကူအညီနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်မတိုက်ရပဲ ပြန်ရဖို့ ရှိနေတဲ့ စစ်ကောင်စီ တပ်ဟာ TNLAရဲ့ အကာကွယ်နဲ့ပဲ မြို့ထဲကို တဖြေးဖြေး ဝင်ရောက်လာနေတာပါ။
တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီ လက်ထဲကနေ TNLA အပါဝင် PDF မဟာမိတ် ပူးပေါင်းတပ်တွေရဲ့ အသက်သွေးချွေးနဲ့ တိုက်ခိုက်သိမ်းယူထားခဲ့ပြီး လက်ရှိ မြို့ထဲကို စစ်ကောင်စီ တပ်သားတွေကို ပြန်လည်ခေါ်သွင်းဖို့ TNLA က လုံခြုံရေး တာဝန်ယူပေးနေရတာ ဖြစ်ပါတယ်။


