Home
ဆောင်းပါး
ရွှေကုက္ကိုကို စစ်တပ် ဗုံးကြဲမှာလား
DVB
·
November 26, 2025

အမေရိကန် ဘာလုပ်လာနိုင်သလဲ ဆိုတဲ့ မေးခွန်းကို  မင်းအောင်လှိုင်နဲ့ လက်တဆုပ် စစ်ဗိုလ်ချုပ်တို့ ခေါင်းချင်းရိုက် ဖြေဆိုနေကြမှာ သေချာတယ်။

မင်းအောင်လှိုင် စိတ်ကူးယဉ်နေတဲ့ ရွေးကောက်ပွဲကြီးနဲ့ ရွေးကောက်ပွဲအလွန်ကာလ ခေါင်းပေါင်းစ တလူလူ လွှင့်ထူမယ့်ကိစ္စကြီးတောင် သူ့ခေါင်းထဲကနေ ၂ လှမ်း၊ ၃ လှမ်းမက နောက်ဆုတ်၊ တဘဝလုံးစာ နောက်ဆုတ်သွားတာမျိုး မဖြစ်အောင် ဘယ်လိုရှေ့ဆက်ကြမလဲလို့ ခေါင်းမီးတောက်နေမှာလည်း သေချာတယ်။

သိပ်တောင်မကြာသေးဘူး။ အီရန်နိုင်ငံထဲကို အမေရိကန် ဗုံးဝင်ကြဲသွားတယ်။ နိုင်ငံရေးဆင်ခြင်ဉာဏ် ကြီးတဲ့ အိုဘားမား သမ္မတတာဝန်ယူခဲ့စဉ်တုန်းကတောင် ပါကစ္စတန်နိုင်ငံထဲ အမေရိကန် အထူးတပ်ဖွဲ့ စေလွှတ်ကာ အိုစမာဘင်လာဒင်ကို အပြတ်ရှင်းခဲ့တာလည်း ဘယ်မေ့လိုက်လို့ရမလဲ။ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဆိုတာက ရန်လိုစိတ်ကြီးပြီး သူ ဘာလုပ်မယ်ဆိုတာ တခြားသူမပြောနဲ့၊ သူကိုယ်တိုင်တောင် သိချင်မှ သိမယ့်သူ။

အမေရိကန်ကို ကြောက်ရတော့လည်း တရုတ်ရာဇဝတ်ဂိုဏ်း ကျားဖြန့်တို့ စံပျော်ရာ KK Park နေရာ ရှင်းလင်းရေးကိုတောင် အမျိုးသားရေးတာဝန်လို့ မင်းအောင်လှိုင် ကြွေးကြော်ပြရရုံတင်မက မင်းအောင်လှိုင် ခန့် ဝန်ကြီးချုပ်ညိုစောကလည်း ကျားဖြန့်တွေကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ရှင်းလင်းမယ်လို့ သံယောင်လိုက်ရတော့တယ်။

အမေရိကန်က မြန်မာအခြေစိုက်ကျားဖြန့်တွေကို ဖြိုခွင်းမယ်ဆိုပြီး  လိမ်လည်မှုစင်တာ ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့ (Scam Center Strike Force) ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာလိုက်ပြီးနောက် မင်းအောင်လှိုင်ရဲ့ နံပါတ်တစ်ဦးစားပေးက ရွေးကောက်ပွဲ အောင်မြင်ရေး မဟုတ်တော့ဘဲ ကျားဖြန့်ဂိုဏ်းချုပ် ရှီကျင့်ကျန်း၊ BGF ခေါင်းဆောင် သီရိပျံချီ ဗိုလ်မှူးကြီး စောချစ်သူတို့နဲ့ အမှုတွဲမဖြစ်အောင် ရုန်းထွက်နိုင်ရေး ဖြစ်လာပြီလို့ ထင်တယ်။

ဒါနဲ့ မြဝတီမြို့နားက ကျားဖြန့်စင်တာ KK Park ထဲက ကမ္ဘာပတ်လိမ် ကျားဖြန့်သမားတွေကို သင်တို့ စေလိုရာစေကြလို့ဆိုကာ သဘောထားကြီးစွာ လွှတ်ပေးလိုက်ပြီးမှ အသက်မဲ့ အဆောက်အအုံတွေကိုကျ ဖောက်ခွဲရှင်းလင်းခြင်းဆိုတဲ့ ကျားဖြန့်နှိမ်နင်းရေးဟာသ မင်းအောင်လှိုင် စတင်လိုက်တော့တယ်။ လူလိမ်တွေကိုတော့ လွှတ်ပေးပြီး အဆောက်အအုံတွေကျ လူလိမ်တွေ နေခဲ့တာကြောင့်လို့ဆိုပြီး အငြိုးတကြီးဖောက်ခွဲဖျက်ဆီးနေခြင်းက ဉာဏ်နိမ့်သူ စစ်ဗိုလ်ချုပ်တို့ရဲ့ ကျားဖြန့်နှိမ်နင်းရေးပြကွက်တကွက် ဖြစ်သလို KK Park မှာ ကျားဖြန့်တွေ ချန်ထားခဲ့တဲ့ သက်သေခံအထောက်အထားတွေ မကျန်အောင် မင်းအောင်လှိုင် အပြောင်ရှင်းပစ်နေတာ ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာတယ်။

KK Park ဆိုတာ ရွှေကုက္ကိုမြို့သစ်နဲ့ ယှဉ်ရင် သိပ်သေးလွန်းတယ်။ ပြီးတော့ ရွှေကုက္ကိုဆိုတာ သောင်ရင်းမြစ်ကမ်းတလျှောက် ကျားဖြန့်တို့ရဲ့ ဌာနချုပ်အဖြစ်လည်း ကမ္ဘာသိနာမည်ကြီးတယ်။ BGF ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ကျားဖြန့်တွေကို အပြတ်နှိမ်နင်းတော့မယ်လို့ ၁၀၁ ကြိမ်မြောက် ကတိပြုပြီးနောက် နိုဝင်ဘာ ၁၇ ရက်တညလုံး ရွှေကုက္ကိုက ကျားဖြန့်တွေ ဝရုန်းသုန်းကား အထုပ်ဆွဲပြေးကြတာ မီဒီယာပလက်ဖောင်းတွေပေါ် ပုံတွေနဲ့တကွ ဖော်ပြကြ။ နိုဝင်ဘာ ၁၈ ရက်ကစလို့ ရွှေကုက္ကိုမြို့ထဲကို စစ်တပ်က ဝင်ရောက်စီးနင်းရာမှာ မြန်မာနိုင်ငံထဲ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသား ၁,၀၀၀ ကျော်နဲ့ ကျားဖြန့်သုံးကိရိယာ၊ ကွန်ပျူတာ၊ ဖုန်း စတာတွေ တွေ့ရှိဖမ်းမိခဲ့ကြောင်း စစ်ကော်မရှင် သတင်းတွေထဲမှာ တွေ့ရ။

ဆိုတော့ ရွှေကုက္ကိုဆိုတာ ကျားဖြန့်တို့ရဲ့ ဗဟိုချက်ဖြစ်ကြောင်း ဒီလောက် သက်သေခိုင်မာနေတာတောင် ဘာကြောင့် KK Park လို ဖောက်ခွဲရှင်းလင်းတာတွေ မလုပ်သလဲဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာပြန်တယ်။ ရွှေကုက္ကိုမှာ BGF တွေ ရှိနေလို့ မဖောက်ခွဲတာ ဆိုရင်လည်း လေယာဉ်ပေါ်ကနေ အလွယ်တကူ ဗုံးကြဲချလို့ရတာပဲ မဟုတ်လား။

ဘာကြောင့် စောချစ်သူရဲ့ နှလုံးသည်းပွတ် ရွှေကုက္ကိုကို စစ်ကော်မရှင် မဖြိုတာလဲဆိုတော့ လောလောဆယ် သူတို့ရဲ့ ရည်မှန်းချက်က စောချစ်သူကို မထိခိုက်စေတဲ့နည်း သို့မဟုတ် ထိခိုက်မှုအနည်းဆုံးနည်းနဲ့ ကျားဖြန့်တွေကို နှိမ်နင်းပြချင်တာကြောင့်လို့ ထင်ရပါတယ်။ ပြောရရင် မလိုအပ်သေးဘဲ ရန်သူ မမွေး။ စောချစ်သူရဲ့ BGF အင်အားက သောင်းဂဏန်းရှိနေပြီး စောချစ်သူ ပေးခဲ့တဲ့ ကျားဖြန့်လိုင်းကြေးတွေကိုလည်း စစ်ဗိုလ်ချုပ်တွေ ကျိန်းသေပေါက် ရယူထားခြင်းက BGF တွေနဲ့ လုံးဝ စခန်းပြတ် ရန်သူအဖြစ် မသတ်မှတ်ရဲခြင်းရဲ့ အဓိက အခြင်းအရာတွေပါပဲ။

BGF နဲ့ သာ ကျည်ပေါက်သွားခဲ့ရင် လက်ရှိ ဦးမော့နေတဲ့ ကရင်ပြည်နယ်တွင်း စစ်ဆင်ရေးဟာ ပြောင်းပြန်ဖြစ်သွားနိုင်သလို ဂိတ်ဆုံးနေပြီဖြစ်တဲ့ စောချစ်သူက စစ်ဗိုလ်ချုပ်တွေဆီ ဆက်သခဲ့တဲ့ ကျားဖြန့်လိုင်းကြေးကိစ္စ မထူးဇာတ်ခင်း ဖော်ခဲ့ရင် နေပြည်တော်ဂိုဏ်းစတားတွေ လူသိရှင်ကြား ခွေးဇာတ်ခင်းရနိုင်တယ်မဟုတ်လား။

ဒါပေမဲ့ အခုတရုတ်လက်ထဲ ရောက်နေပြီဖြစ်တဲ့ ရွှေကုက္ကိုအရှင်သခင် ရှီကျင့်ကျန်းရဲ့ ဖော်ထုတ်ချက်အရ ဆိုပြီး မင်းအောင်လှိုင်ကိုယ်တိုင် သီရိပျံချီဘွဲ့ ချီးမြှင့်ထားတဲ့ စောချစ်သူကို ဖမ်းဖို့ ဖိအားပေးတာမျိုးနဲ့ မြန်မာကျားဖြန့်နှိမ်နင်းရေးကို  အမေရိကန်ဘက်က လက်တွေ့ကျတဲ့ ခြေလှမ်းတွေနဲ့ ထိရောက်တဲ့ဖိအားတွေ ဆက်ဝင်လာပြီဆိုရင်တော့ စစ်ကော်မရှင် လုပ်နိုင်တာက စောချစ်သူနဲ့ အပေါင်းအပါတစုကို ရှင်းပစ်ခြင်း သို့မဟုတ် တရုတ်လက် ထိုးအပ်နိုင်ရေးပါပဲ။ ထပ်ပြောရရင် အမေရိကန်လက်ထဲ စောချစ်သူတို့တစု အရှင်လတ်လတ် မရောက်သွားရေးက စစ်ကော်မရှင်အတွက် သေရေးရှင်ရေးပါပဲ။

လောက်ကိုင် ကျားဖြန့်ခေါင်းပေါင်းကြီး ပယ်ဆောက်ချိန်တို့တသိုက်ကို တရုတ်ဖိအားဒဏ် မခံနိုင်တော့တဲ့အဆုံး မင်းအောင်လှိုင် ထိုးအပ်ခဲ့တယ်။ ပယ်ဆောက်ချိန်တို့ဆီကနေ လောက်ကိုင်နဲ့ နေပြည်တော်ကြား လိုင်းကြေးကိစ္စတွေကို တရုတ်အာဏာပိုင်တွေ သိမှာ သေချာပေမဲ့ တရုတ်အစိုးရရဲ့ အကန့်အသတ်နဲ့ သတင်းထုတ်ပြန်မှုအရ အများပြည်သူပလက်ဖောင်းပေါ် ပေါက်ကြားခဲ့ခြင်း မရှိတာ အထင်အရှားပါပဲ။

ဒါကြောင့် အခြေအနေမဟန်တော့ရင် စောချစ်သူတို့ကို အပြတ်ရှင်းဖို့နဲ့ မရှင်းနိုင်ရင်တောင် အမေရိကန်လက် ရောက်မသွားရေးကို စစ်ဗိုလ်ချုပ်တွေ လုံ့လစိုက်ရပါတော့မယ်။ ဒါပေမဲ့ ကိုးကန့်တပ် MNDAA က စစ်တပ်ဩဇာခံ လောက်ကိုင်ဂိုဏ်းကို ရှင်းခဲ့သလို ကရင် BGF ကို တိုက်ပေးမယ့်သူ မရှိသလို စောချစ်သူတို့ကလည်း နေပြည်တော်မှာ လာခိုလှုံစရာ အကြောင်းမရှိတာကြောင့် စစ်ကော်မရှင်အတွက် အင်မတန်ခက်ခဲပါလိမ့်မယ်။

လက်ရှိမှာတော့ အမေရိကန်အစိုးရရဲ့ မြန်မာအခြေစိုက် ကျားဖြန့်နှိမ်နင်းရေးရဲ့ နောက်ကွယ်မှာ နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက်တခု ရှိနိုင်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်းက ထုတ်ပြောလိုက်ခြင်းက ကျားဖြန့်နှိမ်နင်းရေးကို အမေရိကန်နဲ့ ပူးပေါင်းမလုပ်နိုင်ဘူးလို့ ကြိုကန်လိုက်ခြင်းပါပဲ။

နိုဝင်ဘာ ၁၉ ရက်၊ အမေရိကန်ကွန်ဂရက်ရဲ့ မြန်မာ့အရေး ကြားနာပွဲမှာ ရီပတ်ဘလစ်ကန်အမတ် ယန်းကင်မ်က အမေရိကန်နိုင်ငံသားတွေဆီကနေ ငွေကြေးလိမ်လည်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ စစ်တပ်က အကျိုးအမြတ်ရနေတယ်လို့ ပြောကြားသွားခြင်းကလည်း အမေရိကန်ရဲ့ ကျားဖြန့်တိုက်ဖျက်ရေးခြေလှမ်းတွေကို ဘီးတပ်ပေးသလို ဖြစ်သွားနိုင်ပါတယ်။

အမေရိကန်ရဲ့ ခြေလှမ်းတွေနဲ့ ကျားဖြန့်စစ်ဗိုလ်ချုပ်တွေ ဘယ်လို ကိုယ်လွတ်ရုန်းကြမလဲဆိုတာ သိပ်များမကြာခင် ထင်ရှားလာနိုင်ပါတယ်။

ဒါပေမဲ့ နိုင်ငံတနိုင်ငံကို တခြားနိုင်ငံတခုက ဝင်တိုက်တော့မလားဆိုတဲ့ တွေးလုံးဟာ အပေါ်လေမိနေတဲ့ စိတ်ကူးယဉ်ခြင်းသာ ဖြစ်နိုင်ကြောင်း အထူးသတိချပ်ဖို့ လိုပါမယ်။ လေပေါင်ပြည့်နေပြီ ဖြစ်တဲ့ နွေဦးတော်လှန်ရေးရဲ့ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ကို တစွန်းတောင်တစတောင် မလျှော့ချမိကြဖို့ သိပ်အရေးကြီးပါတယ်။

ဝင်းမိုး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013