
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းရွာနဲ့ ရွာဘရွာကို စစ်တပ်က နိုဝင်ဘာ ၂၅ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးဝနယ်နဲ့ မင်းကင်းနယ်ချုပ်စပ်က ကျေးရွာတွေကို တံတားဦးလေတပ်ကနေ A-5 Bomber Jet လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ရွာသားတယောက်က ပြောပါတယ်။
“နှစ်ရွာလုံးကို လေကြောင်းကနေ ၃ ပတ် ပတ်ပြီး ကြဲသွားတာဗျ။ ထိခိုက်တာကတော့ ဘာမှမသိရသေးဘူး။ ရွာဘရွာမှာတော့ အိမ်တလုံး ထိခိုက်ပျက်စီးတယ်။ ဗုံးသီးတလုံးလည်း မပေါက်ကွဲသေးဘူးလို့ သိထားရတယ်ဗျ။ လေယဉ်ပေါ်ကနေ ဗုံးကြဲချသလို လက်နက်ငယ်တွေနဲ့ပါ ပစ်တယ်။ မြောက်ချွန်းရွာကတော့ အထိအခိုက် အသေဆုံးများလိမ့်မယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာက ချင်းတွင်းမြစ်အတွင်းမှာ ရွှေမျောမောင်းနေတာတွေ ရှိတယ်။ ကျနော့် အထင်ကတော့ ရွှေမျော မောင်းတာကို စစ်တပ်က မကြိုက်လို့ လာပစ်တာလို့ပဲ ထင်တယ်။ ကျန်တာကတော့ ဘာတိုက်ပွဲမှ မရှိဘူး။”
မင်းကင်းမြို့နယ်အတွင်းက ချင်းတွင်းမြစ် ရွှေမျောမောင်း လုပ်ကိုင်တဲ့ နေရာများကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်နေမှုဟာ ဒီနေရာနဲ့ဆိုရင် ၂ နေရာအထိရှိနေပြီလို့ သိရပါတယ်။
မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးဝင်းမင်းစိုးက “ထိခိုက်မှုနဲ့ ပျက်စီးမှုတွေတော့ ရှိတယ် ကြားတယ်၊ သေချာ စိစစ်နေကြတုန်းပါ” လို့ ပြောပါတယ်။
မြောက်ချွန်းရွာနဲ့ ရွာဘရွာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပက်သက်ပြီး DVB အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မင်းကင်းမြို့နယ်ဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်က ဖုန်းလိုင်းနဲ့ ဆက်သွယ်ရေး အင်တာနက် ဖြတ်တောက်ထားတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း လောင်းပြည့်ရွာအနီး ချင်းတွင်းမြစ်အတွင်း ရွှေမျောမောင်းနေတဲ့ နေရာကို လေယာဉ်အပါအဝင် စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။


