
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နည်းပညာတက္ကသိုလ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေကို ဒေါင်းတို့မျိုးဆက်စစ်ကြောင်းနဲ့ ပူးပေါင်းတော်လှန်ရေးမဟာမိတ်တွေက နိုဝင်ဘာ ၂၃ ရက် မနက် ၁၀ နာရီအချိန်မှာ ဝင်းရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာတွေရရှိသွားတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မုံရွာခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃၊ တပ်စု ၂ ဒေါင်းတို့မျိုးဆက် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက “ပြည်သူတွေကို သတ်ဖြတ်နေပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေလို့ သွားရောက်တိုက်ခိုက်ခဲ့တာ။ ကျနော်တို့နဲ့အတူ မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၄၊ ချောင်းဦး MTG တပ်ဖွဲ့ RGPDF တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်သေဆုံး၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာတွေ ရရှိသွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထိအခိုက်မရှိ ပြန်လည်ဆုပ်ခွာနိုင်ခဲ့ကာ သေနတ် ၂ လက်ကတော့ တိုက်ပွဲမှာပဲ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
မုံရွာမြို့ပေါ်မှာ နိုဝင်ဘာ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်က လူငယ်တွေကို ပေါ်တာဆွဲတာ၊ ဖမ်းဆီးနှိပ်စက်တာတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လာနေတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။


