မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာ ၂ ရွာက လူနေအိမ်တွေကို နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေက မီးရှို့ဖျက်ဆီးခဲ့ကြသလို တပ်သားသစ် ၃ ယောက်လည်း လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုဒေါင်းငယ်က “နေ့လယ် ၂ နာရီခွဲလောက်မှာ ကပစ ၂၄ ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းဟာ ကျောက်မဲတောင်ရွာရဲ့ အရှေ့ပိုင်း ရွာ မိန်းလမ်းမကြီးဘေးက အိမ်တွေကို ဦးရဲမြင့် အိမ်ကနေစပြီး မီးရှို့ဖျက်ဆီးသွားတာပါ။ အနည်းဆုံး အိမ် ၁၀ လုံးကနေ ၁၅ လုံးကြား မီးလောင်ပျက်စီးမယ်လို့တော့ ခန့်မှန်းရပါတယ်။ အဲဒီထက် ပိုနိုင်ပါတယ်။ ၃ နာရီခွဲလောက်မှာတော့ နသတ်ရွာမှာ ရောက်နေတဲ့ စစ်ကြောင်းက အဲဒီရွာရဲ့ မြောက်ပိုင်းမှာရှိတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ နသတ်ရွာရဲ့ မီးလောင်ပျက်စီးတဲ့ အခြေအနေတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် စက်တပ်လေထီး ပျက်ကျခဲ့တဲ့ ပေါက်မြို့နယ်၊ တဲကြီးကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိသလို ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ယောက်လည်း လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်လာကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ Local PDF တပ်ဖွဲ့တခုရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ပါရာမော်တာ ပျက်ကျတဲ့နေရာကို နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အချိန် ရန်သူ့စစ်ကြောင်းနဲ့တွေ့ပြီး ထိတွေ့တိုက်ပွဲ နာရီဝက်လောက် ဖြစ်ခဲ့သေးတယ်။ တိုက်ပွဲအတွင်းမှာ ရန်သူဘက်က ၄ ယောက် သေပြီးတော့ ဒဏ်ရာရသူက ၁၀ ယောက်ကျော် ရှိတယ်။ အဲဒီ စစ်ကြောင်းမှာ ပါလာတဲ့ကောင်တွေ အော်ဟစ်နေတာတွေလည်း တွေ့ရတယ်။ သူတို့ အထိနာပြီး တပ်ပြန်ခေါက်သွားကြတယ်။ တိုက်ပွဲထဲမှာ သူတို့ဘက်က လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာဝန်းကျင်က ရွာတွေကိုလည်း ဖိုက်တာနဲ့ ဗုံး ၃ ကြိမ် ကြဲသွားတယ်။ ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေတော့ မသိရသေးဘူးဗျ” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း တပ်မ ၉၉ လက်အောက်ခံ ခလရ ၄၁၈၊ ခလရ ၄၁၉ တပ်ရင်းတွေက စစ်မှုထမ်းအပတ်စဥ် ၁၁ ဆင်း တပ်သားအောင်မိုး၊ အပတ်စဥ် ၁၂ ဆင်း တပ်သားသန့်ဇင်နဲ့ တပ်သားတင်ထွန်းတို့ ၃ ယောက်လည်း MA1 သေနတ် ၃ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၈၇ တောင့်တို့နဲ့အတူ မြိုင် ပကဖနဲ့ ပေါက် ပကဖ တို့ဆီကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အထိနာပြီး စက်တပ်လေထီး ပစ်ချခံခဲ့ရတဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်မှာ ရှိကြတဲ့ ကျေးရွာတွေက ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။




