
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၄ ရက် ဒီမနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၆ ယောက် သေဆုံးပြီး ဆေးရုံလည်း ပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီမနက်အစောပိုင်း ၁ နာရီဝန်းကျင်အချိန်မှာ ကံထူးမရွာ ဆေးရုံနဲ့ ဆေးရုံနောက်ကျောက ကားဘော်ဒီရုံကို လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားဘော်ဒီရုံမှာရှိတဲ့ အလုပ်သမား ၆ ယောက် သေဆုံးသလို ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ပထမတကြိမ်က ဆေးရုံ ဓာတ်မှန်ဆောင် ဗုံးမှန်သွားတယ်။ နောက်တကြိမ်က ကားဘော်ဒီရုံပေါ် ကျတာ ဘော်ဒီရုံက အလုပ်သမားတွေကို ထိတယ်” လို့ DVB ကို ပြောပါတယ်။
ဒီနှစ် စက်တင်ဘာလမှာလည်း ကံထူးမရွာကို စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်ခဲ့လို့ လူတဒါဇင်ကျော် သေဆုံးသလို ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။


