မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲမှာ နိုဝင်ဘာ ၂၁ ရက် မနက် ၈ နာရီဝန်းကျင်က စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲပြီး လူနေအိမ်တွေကို မီးရှို့လို့ နေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့သလို သက်တော် ၈၀ ဝန်းကျင် ဆရာတော်တပါးလည်း ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်သာမြို့နဲ့ တမိုင်လောက်ဝေးတဲ့ ညောင်တိုရွာကို အင်အား ၁၅၀ လောက်ပါတဲ့ ရန်သူ့စစ်ကြောင်းက ဝင်ရောက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ခဏဖြစ်လိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“တောင်သာ-ငါ့သရောက် ကားလမ်းပေါ်၊ ညောင်တိုရွာနားမှာက ကျနော်တို့ရဲ့ ယာယီစစ်ဆေးရေးဂိတ်တခု ရှိတယ်။ ရဲဘော်တွေ အမြဲတမ်း အထိုင်ချထားတဲ့ ဂိတ်တော့ မဟုတ်ပါဘူး။ အဲဒီမှာ စစ်ကြောင်းဝင်လာတော့ ရဲဘော်တချို့နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ဒရုန်းတွေနဲ့ပါ ဗုံးကြဲတော့ ရဲဘော်တွေလည်း ပြန်ဆုတ်လာခဲ့ကြတာပါ။ စခန်းနေရာလောက်ပဲ ပေးလိုက်ရတာပါ။ အဲဒါပြီးတော့ သူတို့ဘက်က ညောင်တိုရွာထဲကို ဒရုန်းတွေနဲ့ ဗုံးကြဲပြီး ရွာကို မီးရှို့တာ။”
အဆိုပါ ညောင်တိုကျေးရွာဟာ လူနေအိမ် ၆၀ ကျော်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ကာ ကျေးရွာနေ ပြည်သူတွေကတော့ နိုဝင်ဘာ ၂၂ ရက် ညပိုင်းအထိ ဘေးလွတ်ရာ နေရာတွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် လူ့အခွင့်အရေးတာဝန်ခံ ကိုရသေ့ကြီးက “ကျနော် သိရသလောက် စစ်ကြောင်းကတော့ ထွက်သွားပြီ။ လူနေအိမ် ၄၀ လောက် မီးလောင် ပျက်စီးတယ်။ ရွာခံတွေကတော့ ရွာထဲ ပြန်မဝင်ရဲကြသေးလို့ ရွာ့ပြင်မှာပဲ ဖြစ်သလို နေထိုင်နေကြရတယ်။ ကျန်းမာရေးမကောင်းတဲ့ သက်တော် ၈၀ ကျော် ဆရာတော်တပါးကတော့ မီးထဲ ပါသွားပြီး ပျံလွန်တော်မူသွားတယ်”လို့ DVB ကို ပြောပါတယ်။
ညောင်တိုကျေးရွာဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ခံခဲ့ရတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။ စစ်တပ် ထောက်ခံသူတွေကတော့ ညောင်တိုကျေးရွာမှာရှိတဲ့ PDF စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲကို အကြောင်းပြပြီး နယ်မြေစိုးမိုးနိုင်ရေးအတွက် အင်အားအလုံးအရင်း အသုံးပြုပြီး မြေပြင်ကနေ စစ်ကြောင်းထိုး ဝင်ရောက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို မကြာခဏ ပြုလုပ်နေတာကြောင့် တောင်သာမြို့နယ်ထဲက ဒေသခံပြည်သူတွေ သတိနဲ့သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းပါတယ်။




