
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းတနေရာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ပစ်ခတ်လို့ တောင်ယာလုပ်နေတဲ့ အမျိုးသမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ Jobs For Kayah အဖွဲ့တာဝန်ခံက ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်ပစ်ခတ်တဲ့ ဒရုန်းကြောင့် အသက် ၆၀ အရွယ်အမျိုးသမီး တယောက်၊ အသက် ၄၇ နှစ်အရွယ် အမျိုးသမီး တယောက်၊ အသက် ၁၇ ဝန်းကျင် အမျိုးသမီး တယောက်တို့ ထိမှန်သေဆုံးခဲ့ရတာလို့ သိရပါတယ်။
Jobs for Kayah အဖွဲ့တာဝန်ခံက “ဆုံးသွားတဲ့သူတွေက အကုန်လုံးအမျိုးသမီးတွေပဲ၊ စစ်ရှောင်တွေပေါ့နော်။ သူတို့ စစ်ရှောင်နေတဲ့နေရာရဲ့ တခြားတနေရာမှာ တောင်ယာ ပြန်လုပ်ကြတာ၊ တောင်ယာလုပ်နေချိန်ပဲ လက်နက်ကြီးက တောင်ယာတည့်တည့်ကို ကျတာ၊ အဲတလုံးနဲ့ပဲ သူတို့ ၃ ယောက် ဆုံးသွားတာ”လို့ ပြောပါတယ်။
သေဆုံးသူတွေက ဘောရန်စစ်ရှောင်စခန်းနဲ့ နန့်ပလုံစစ်ရှောင်စခန်းက အမျိုးသမီးတွေဖြစ်ပြီး စစ်ရှောင်ရင်းကနေ တောင်ယာခဏပြန်လုပ်ချိန် လက်နက်ကြီးထိခဲ့ရတာ ဖြစ်ပါတယ်။
ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က အောက်တိုဘာလကစပြီး စစ်ကြောင်းထိုးကာ ရွာသားတွေကို သတ်ဖြတ်တာ၊ နေအိမ်နဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီး ဒရုန်းတွေနဲ့ တောင်ယာလုပ်တဲ့ နေရာတွေကို ပစ်ခတ်နေပြီး ခုလက်ရှိမှာလည်း ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။


