
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် (MNDAA) တို့အကြား အခြေအနေ ပြန်တင်းမာလာပြီးနောက် နိုဝင်ဘာ ၂၀ ရက်ကစလို့ မူဆယ်မှာ စစ်တပ်က လေကြောင်းကနေ စစ်သည်အင်အားတွေ ထပ်ဖြည့်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက်မှာ စစ်တပ်က မူဆယ်မှာ ရဟတ်ယာဉ်နဲ့ စစ်သား လာချသွားသလို မနေ့ နိုဝင်ဘာ ၂၂ ရက်ကလည်း Y-12 လေယာဉ်နဲ့ ၂ ခေါက်လာချသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ရဟတ်ယာဉ် အခေါက်ခေါက် အခါခါ တက်လာတယ်။ စစ်ကောင်စီတွေက အင်အား လာဖြည့်နေတာကိုး" လို့ ပြောပါတယ်။
မူဆယ်မှာ နိုဝင်ဘာ ၂၀ ရက်ကစပြီး တနေ့ကို ရဟတ်ယာဉ် ၂ ခေါက် ဆင်းသက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း ဆုတ်ခွာရမှာ ဖြစ်ပြီး မဆုတ်ခွာပါက ထိုးစစ်ဆင် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီနဲ့ MNDAA တို့အကြား လားရှိုးမြို့နယ်မှာ နယ်မြေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု အဆင်မပြတာကြောင့် နှစ်ဖက် အခြေအနေတင်းမာနေပြီး အခု နိုဝင်ဘာ ၂၅ ရက်မှာ ထပ်မံ တွေ့ဆုံညှိနှိုင်းဖို့ ရှိတယ်လို့ လားရှိုးဒေသခံတွေဆီက သိရပါတယ်။


