ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကနေ မနေ့ နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီဝန်းကျင်က လက်နက်ကြီးနဲ့ပစ်တာကြောင့် ကလေးတယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်ဗျူဟာကုန်းနဲ့ ဖားကန့် မရှီကထောင်ရပ်ကွက်က ရခိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဆိပ်မူကျေးရွာကို လက်နက်ကြီး ၁၀ လုံး ပစ်တာကြောင့် ဆိပ်မူရပ်ကွက် ၁၊ ဆိပ်မူရပ်ကွက် ၃ နဲ့ စန်းသီတာကုန်းတို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂ နှစ်အရွယ် မချိုသံလွင် ထိမှန်သေဆုံးသလို အရပ်သား ၇ ယောက် ဒဏ်ရာရတာလို့ ဆိုပါတယ်။
ဖားကန့်မြို့ဒေသခံတယောက်က “ည ၁၁ နာရီ ၂၁ မိနစ်ကနေ ၄၇ မိနစ်လောက်အထိ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်တာပါ။ ရပ်ကွက် ၁ ဘွမ်မရာကုန်းက ကလေးတဦးက ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့ ဆုံးသွားတယ်။ ရပ်ကွက် ၃ မှာလည်း လမ်းပေါ် လက်နက်ကြီးကျပြီး အမျိုးသားတဦး ခြေထောက်ထိမှန်ဒဏ်ရာရတယ်။ နေအိမ်တွေနဲ့ ကားတွေ ပျက်စီးသွားတယ်။ ဒဏ်ရာရတာက အားလုံးပေါင်း ၇ ဦးလို့ သိရတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်ကလည်း မရှီကထောင်အုပ်စုမှာရှိတဲ့ ကျောက်လုပ်ကွက်ကို စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အမျိုးသား ၂ ယောက် ဒဏ်ရာရပြီး နိုဝင်ဘာ ၁၃ ရက်မှာလည်း ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ပစ်လို့ လုံးခင်းအုပ်စု ဖဝါကျေးရွာက မူကြိုကျောင်းဝန်းထဲ ကျတာကြောင့် ဆရာမတယောက်နဲ့ ကလေးငယ်တယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။






