
လွန်ခဲ့တဲ့ ၅ နှစ်... ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရဲ့ ညချမ်းတွေကို မှတ်မိနေဦးမယ် ထင်ပါတယ်။ အဲဒီညတွေတုန်းက အသက် ၁၈ နှစ်ပြည့်ခါစ လူငယ်အများစုဟာ စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်ခဲ့ကြပါဘူး။ မနက်ဖြန်ကျရင် သူတို့ဘဝရဲ့ ပထမဦးဆုံးအကြိမ် ဆန္ဒမဲကို ပေးရတော့မယ်ဆိုတဲ့ အသိက သူတို့သွေးတွေကို ဆူပွက်စေခဲ့တာကိုး။
ဒါပေမဲ့ အခု ၂၀၂၅ ခုနှစ်မှာတော့ အဲဒီလူငယ်တွေဟာ ညဘက်တွေမှာ အိပ်မပျော်ကြပြန်ပါဘူး။ မတူတာကတော့ ဒီတခါ အိပ်မပျော်ခြင်းဟာ စိတ်လှုပ်ရှားမှုကြောင့် မဟုတ်ဘဲ “စိုးရိမ်ထိတ်လန့်မှု”၊ “နာကျည်းမှု” နဲ့ “မနက်ဖြန် ငါ့အလှည့်လား” ဆိုတဲ့ ချောက်ချားမှုတွေကြောင့် ဖြစ်နေတာပါပဲ။
တောထဲရောက်သွားတဲ့ “မဲပြားများ”
မဖူးဆိုတဲ့ အမျိုးသမီးငယ်လေးကို ကြည့်ပါ။ ၂၀၂၀ တုန်းက သူဟာ မဲရုံဖွင့်တာနဲ့ အပြေးသွားပြီး တန်းစီခဲ့တဲ့၊ နိုင်ငံရေးကို ယုံကြည်ချက်အပြည့်နဲ့ ဖြတ်သန်းခဲ့တဲ့ “First-time voter” တယောက်ပါ။
“အဲဒီတုန်းက ညတွေဆို အိပ်တောင်မပျော်ဘူး။ ညီမတို့ ပေးခဲ့တဲ့မဲက စစ်မှန်တယ်။ စိတ်လိုလက်ရ ရွေးချယ်ခဲ့တာ" လို့ မဖူးက တမ်းတမ်းတတ ပြောပါတယ်။ အဲဒီလို သူ့ရဲ့ ပထမဦးဆုံး မဲပေးခဲ့တဲ့ အကြောင်းရာကိုလည်း လက်သန်းမှာ မင်တို့ထားတဲ့ ဓာတ်ပုံနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက်မှာ ဂုဏ်ယူစွာတင်ခဲ့တာက ဒီနေ့အချိန် ၅ နှစ်တာကာလမှာ Memory တခုအနေနဲ့ ပြန်တက်လာတာကို ကြည့်ရင်းနဲ့ ကြေကွဲစွာနဲ့ ပြန်လည်ပြောပြနေခဲ့တာပါ။ ဒါပေမဲ့ အဲဒီ "စစ်မှန်တဲ့မဲ" တွေဟာ အာဏာသိမ်းပွဲတခုနဲ့အတူ အမှိုက်ပုံးထဲ ရောက်သွားခဲ့ရတယ်။
ဒီကနေ့မှာတော့ မဖူးဟာ မဲလက်မှတ်ကို ကိုင်မယ့်အစား သေနတ်ကို ကိုင်ထားရပါပြီ။ 96 Soldier တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် တော်လှန်ရေးတာဝန် ထမ်းဆောင်နေတဲ့ သူ့အတွက် ၂၀၂၅ ရွေးကောက်ပွဲဆိုတာ "လူထုကိုလှောင်ပြောင်ခြင်း" သက်သက်ပါပဲ။
"ညီမတို့ရဲ့ မဲတွေကို လုယူသွားတယ်။ နိုင်ငံကို လုယူသွားတယ်။ အခုချိန်မှာ စစ်ကောင်စီဘက် ရပ်တည်ပြီး မဲသွားပေးမယ်ဆိုရင်တော့ အဲဒီလူငယ်တွေကို စစ်ကောင်စီနဲ့ ဉာဏ်ရည်တူပဲလို့ ညီမတို့ သတ်မှတ်တယ်" ဆိုတဲ့ မဖူးရဲ့ စကားဟာ တောထဲကနေ မြို့ပေါ်ကို လှမ်းအော်လိုက်တဲ့ သတိပေးသံ တခုလိုပါပဲ။
နောက်တဦးကတော့ တနင်္သာရီတိုင်းက LGBT အရေး ဆောင်ရွက်နေတဲ့ “Jessica Moe” ဆိုတဲ့ လိင်စိတ်ကွဲပြားမှု ခံယူထားသူတဦးပါ။ မိုးကတော့ ၂၀၂၀ တုန်းက မဲပေးရုံတင်မကဘဲ မဲရုံတာဝန်ပါ ထမ်းဆောင်ခဲ့သူပါ။ မျှော်လင့်ချက်တွေနဲ့ တောက်ပခဲ့တဲ့ လူငယ်တဦးရဲ့ဘဝဟာ အခုတော့ ကယားပြည်နယ် (ကရင်နီ) မြေပြင်တခုမှာ ဒဏ်ရာရ ရဲဘော်တွေကို ကုသပေးဖို့ တော်လှန်ရေးနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ ဆေးကျောင်းကို တက်ရောက်နေတဲ့ တော်လှန်ရေးသမားဘဝကို ရောက်ရှိလို့နေပါတယ်။
"ငါတို့မဲတွေကို သူခိုးက လူပြန်ဟစ်ပြီး ခိုးသွားတာ။ အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲတပြားရဲ့ တန်ဖိုးက ကိုယ့်နိုင်ငံအတွက် အရေးပါသလား၊ ကိုယ့်လုံခြုံရေးအတွက် အန္တရာယ်ရှိသလားဆိုတာ သေချာစဉ်းစားကြပါ" လို့ LGBT လူငယ်တဦးလည်းဖြစ်တဲ့ မိုးက တိုက်တွန်းပါတယ်။ သူ့စကားထဲမှာ နာကြည်းမှုတွေသာမက ညီငယ် ညီမငယ်တွေအတွက် စိုးရိမ်ပူပန်မှုတွေပါ ရောယှက်နေပါတယ်။
ကျိုးပဲ့တောင်ပံများ (သို့မဟုတ်) မြို့ပြ၏ အကျပ်အတည်း
ဒါဆိုရင် ၂၀၂၅ မှာ ပထမဦးဆုံး မဲပေးခွင့်ရမယ့် မျိုးဆက်သစ် (Gen Z) တွေကရော ဘာပြောကြလဲ။ DVB ရဲ့ ခန့်မှန်းချက်အရ ဒီနှစ်မှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရမယ့် “First-time voter” လူငယ် ၄ သန်းကျော် ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ ၄ သန်းကျော်သော လူငယ်တွေအကုန်လုံးက မဲရုံတွေဆီ ရောက်မလာနိုင်ပါဘူး။ တချို့က ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေရသလို၊ တချို့ကလည်း စစ်ဘေးရှောင်စခန်းတွေထဲမှာ "မဲစာရင်း" အစား "ရိက္ခာစာရင်း" ကို မျှော်နေကြရတာပါ။ မြို့ပေါ်ကျန်ခဲ့သူတွေမှာလည်း ၂၀၂၀ တုန်းကလို "ရင်ခုန်သံ" မျိုး မရှိကြတော့ပါဘူး။
"မဲပေးသည် ဖြစ်စေ၊ မပေးသည် ဖြစ်စေ အဖြေက သူတို့လက်ထဲမှာ ရှိပြီးသားလေ" လို့ အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်က First-time voter လူငယ်တဦးဖြစ်တဲ့ မနီတာ (အမည်လွှဲ) က မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ လက်တွေ့ကျကျ သုံးသပ်ပါတယ်။
လူငယ်အများစုက ရွေးကောက်ပွဲကို စိတ်မဝင်စားကြ၊ သပိတ်မှောက်ကြမယ်လို့ ဆိုပေမဲ့ တချို့လူငယ်တွေရဲ့ ရင်ထဲမှာတော့ "စစ်ပွဲဒဏ်" ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပျက်အားငယ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် တောင်ကြီးမြို့နားက နေရာတခုမှာ မိသားစုလိုက် စစ်ရှောင်နေရတဲ့ လူငယ်တဦးဖြစ်တဲ့ ကိုကိုဦးရဲ့ ရင်ဖွင့်သံက အရမ်းကို ရင်နင့်စရာ ကောင်းပါတယ်။
"တချို့က မဲပေးလိုက်ရင်များ ဒီအပစ်အခတ်တွေ ရပ်သွားမလားလို့ဆိုပြီး စွန့်စားကြည့်ချင်ကြတယ်။ ကျနော်ကိုယ်တိုင်လည်း စိတ်နှစ်ခွ ဖြစ်နေတယ်။ မဲပေးလိုက်လို့ သေနတ်သံတွေ တိတ်သွားမယ်ဆိုရင်တော့ ပေးလိုက်ချင်တယ်။ ဒါပေမဲ့ တကယ်မငြိမ်းချမ်းဘဲ ပိုဆိုးသွားမှာကိုလည်း ကြောက်တယ်။”
ဒါဟာ နိုင်ငံရေးရေစီးကြောင်းထဲမှာ ပိတ်မိနေတဲ့ သာမန်လူငယ်တွေရဲ့ "အသံတိတ် ညည်းတွားသံ" ပါပဲ။ သူတို့ဟာ စစ်ကောင်စီကို ထောက်ခံလို့မဟုတ်ပါဘူး။ မဆုံးနိုင်တဲ့ စစ်ပွဲတွေ၊ သေဆုံးမှုတွေနဲ့ မရေရာတဲ့ အနာဂတ်ကြောင့် ထွက်ပေါက်တခုခုကို "ကောက်ရိုးမျှင်" ဆွဲသလို ဆွဲကြည့်ချင်နေကြတာပါ။
တော်လှန်ရေး အင်အားစုတွေနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ အပြင် IDPs လိုနေရာမျိုးတွေမှာ စစ်ရှောင်နေရတဲ့ သူတို့လို လူငယ်အများစုကတော့ မဲပေးခွင့်ထက် အသက်ရှင်သန်ခွင့်က ပိုပြီး အရေးပါနေပါတယ်။
အမိန့်ဆန်သော ရွေးချယ်မှု
ဒါ့အပြင် မေ့ထားလို့မရတဲ့ အရင်ကနဲ့မတူဘဲ ၂၀၂၅ မှာမှ ထူးထူးခြားခြား မြင်တွေ့ရမယ့် လူငယ်တစုလည်း ရှိနေပါသေးတယ်။ သူတို့ကတော့ "စစ်မှုထမ်းဥပဒေ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတင်းအဓမ္မ သွတ်သွင်းခံထားရတဲ့ မျိုးဆက်သစ် လူငယ်များပါပဲ။
၂၀၂၀ တုန်းက ရွေးကောက်ပွဲလို လွတ်လပ်တဲ့ လူငယ်တွေအဖြစ် မဲပေးခဲ့ကြ (သို့မဟုတ်) မဲပေးဖို့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ အခုချိန်မှာတော့ သူတို့ရဲ့ ဆန္ဒမဲတွေဟာ တပ်စခန်းတွေထဲက သံဆူးကြိုးတွေကြားမှာ ပိတ်မိနေပါပြီ။ သမိုင်းတလျှောက် တပ်တွင်းမဲပေးပွဲတွေဟာ "ကြိုတင်မဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အထက်အရာရှိတွေရဲ့ စောင့်ကြည့်မှုအောက်မှာ "အမိန့်ပေးစနစ်" နဲ့ သွားလေ့ရှိတာ လူတိုင်းအသိပါပဲ။
ဒါကြောင့်မို့လို့ စစ်မှုထမ်း လူငယ်တွေအဖို့တော့ မဲပုံးဆိုတာ သူတို့ရဲ့ သဘောထားကို ထည့်ရမယ့် နေရာမဟုတ်တော့ဘဲ သူတို့ရဲ့ လွတ်လပ်ခွင့်ကို ရိုက်ချိုးထားတဲ့ အာဏာရှင်စနစ်ကို ပြန်ပြီး သက်ဆိုးရှည်စေဖို့ "လက်မှတ်ထိုးပေးရမယ့်" နေရာတခု ဖြစ်နေရှာပါတယ်။ ကိုယ့်ကို အနိုင်ကျင့်တဲ့သူကို ပြန်ပြီး မဲပေးရမယ့် ဒီအဖြစ်ဆိုးဟာ ၂၀၂၅ ရွေးကောက်ပွဲရဲ့ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတခုလို့ ဆိုရင်လည်း မမှားပါဘူး။
PR ဂျင်း၊ စောင့်ကြည့်ခံဘဝ နှင့် သမိုင်း၏ အချိုးအကွေ့
"ဒါက သူတို့ရဲ့ နိုင်ငံရေးလက်ကွက်တခုပဲ။ ကြီးမားတဲ့ လှည့်ကွက်ပဲ" လို့ ၂၀၂၅ မှာ ပထမဦးဆုံးမဲပေးခွင့်ရမယ့် ကိုဖြူက PR စနစ်အပေါ် ပြတ်ပြတ်သားသား ဝေဖန်ပါတယ်။ လူငယ်တွေဟာ နိုင်ငံရေးကို စိတ်မဝင်စားတော့တာ မဟုတ်ပါဘူး။ သူတို့က နိုင်ငံရေးလှည့်ကွက်တွေကို ကောင်းကောင်းကြီး နားလည်နေကြပါပြီ။
ဒါပေမဲ့ ဒီနားလည်မှုအတွက် ပေးဆပ်ရတဲ့ တန်ဖိုးက ကြီးမားလွန်းပါတယ်။ အခုဆိုရင် စစ်တပ်က ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲကျင်းပဖို့ ၃၈ ရက်ပဲ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူဦးရေက ၂၀၀ ဝန်းကျင်အထိ ရှိလာနေပါပြီ။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦးတောင် ပါဝင်နေတယ်ဆိုတဲ့ အချက်အလက်တွေက ၂၀၂၅ ရွေးကောက်ပွဲဟာ "ပွဲတော်" တခု မဟုတ်ဘဲ "ထောင်ချောက်" တခု ဖြစ်နေကြောင်း သက်သေပြနေပါတယ်။
လမ်းသွားရင်း ဖုန်းစစ်ခံရမှာ၊ Facebook ပေါ်က Comment တခုကြောင့် အိမ်လာဖမ်းခံရမှာကို ကြောက်နေရတဲ့ လူငယ်တွေအတွက်တော့ မဲရုံသွားခြင်းဟာ "ဒီမိုကရေစီ အခွင့်အရေး" မဟုတ်တော့ဘဲ "လုံခြုံရေး ခြိမ်းခြောက်မှု" တခုသာ ဖြစ်နေပါတယ်။
၂၀၂၀ တုန်းက လက်သန်းပေါ်က မဲမင်စက်တွေဟာ "ဂုဏ်ယူစရာ" ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၅ မှာတော့ အဲဒီ မဲမင်စက်တွေဟာ "သွေးစက်" တွေအဖြစ် ပြောင်းလဲသွားနိုင်သလို၊ ၂၀၀၈ နာဂစ်ကာလတုန်းကလိုမျိုး "သမိုင်းတရားခံ" ဆိုတဲ့ တံဆိပ်တခုလည်း ဖြစ်သွားနိုင်ပါတယ်။
အညာဒေသမှာ စစ်အာဏာရှင်တွေကို တော်လှန်ဖို့ တိုက်ပွဲဝင်နေတဲ့ ကိုမျိုးကျော်က "ဒါဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ လုပ်တယ် ဆိုတာကို မြို့ပေါ်က လူငယ်တွေ သိကြပါတယ်။ သိရက်နဲ့ မဲပေးရမယ့် အကျပ်အတည်း၊ မဲမပေးရင် အဖမ်းခံရမယ့် ဘေးအန္တရာယ်တွေကြားမှာ မြန်မာ့လူငယ်ထုရဲ့ အနာဂတ်ဟာ ‘PR စနစ်’ ဆိုတဲ့ အာဏာရှင် စစ်တပ်ရဲ့ နိုင်ငံရေးကစားပွဲတခုရဲ့ ကြားမှာ ဓားစာခံ ဖြစ်နေရရှာပါတယ်” လို့ ပြောပါတယ်။
သေချာတာတခုကတော့... ၂၀၂၅ မှာ မဲရုံတွေ ဖွင့်ချင်ဖွင့်ပါလိမ့်မယ်။ ဒါပေမဲ့ လူငယ်တွေရဲ့ နှလုံးသားတံခါးတွေကတော့ ဒီရွေးကောက်ပွဲအတွက် အသေပိတ်ထားပြီးသား ဖြစ်နေပါလိမ့်မယ်။ ။
အောင်ကျော်


