
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို နိုဝင်ဘာ ၁၉ ရက် နေ့ခင်း ၁၂ နာရီကျော်မှာ စစ်တပ်က ရေဦးမြို့ အထိုင်စခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေဦးမြို့ ဆည်မြောင်းရုံးထဲကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကိုထွန်းထွန်း (အသက် ၄၇ နှစ်)၊ ကျော်ကိုကိုဦး (အသက် ၃၈ နှစ်)၊ မောင်ထက်မြက်အောင် (အသက် ၁၄ နှစ်) တို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ အင်းပတ်ရွာ ဒေသခံတယောက်ကပြောပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၂ ရက်မှာ ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူနယ်အစပ်မှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဖြန့် ထိုးနေပြီး ဝေဟင်ကနေ လေယာဉ်တွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “စစ်ကြောင်းကတော့ ခင်ဦး-ကန့်ဘလူ-ရေဦး အစပ်ကနေ ဒီနေ့မနက်ခင်းမှာ ခြေလျင်စစ်ကြောင်း စထိုးလာတယ်။ ရေဦးနယ်၊ ပင်စိမ်းကင်းရွာကနေတဆင့် ခင်ဦးနယ်၊ မုံလှစံပြကျေးရွာကို ရောက်ရှိလာတယ်ဗျ။ အဲဒီလို ရောက်ရှိလာလို့ ဒေသခံ သောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရဆဲ ဖြစ်တယ်ဗျ။ မုံလှကျေးရွာ ရောက်ရှိနေတဲ့ အင်အား ၃၀၀ ဝန်းကျင် စစ်ကြောင်းကလည်း ဘေးပတ်ဝန်းကျင် စစ်ရှောင်တွေရှိရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်တယ်ဗျ။ ကျနော့်အနေနဲ့ စစ်တပ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပါတယ်။ ဒဏ်ရာရသူတွေကိုလည်း ဆေးဝါးကုသမှု ခံယူနိုင်ဖို့ ကူညီပေးထားပါတယ်” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းလာလို့ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့အတွင်းက ကျောက်တိုင်၊ ကျီစု၊ ဝက်တိုး၊ အိုင်ပေါင်းချောင်၊ ယင်းတိုက်၊ ငါးရုံကြီး၊ ရှားတော၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ သရက်ကုန်း၊ ကျွန်းတောကြီး၊ ကျွန်းတောလေး(ဥယျာဉ်) စတဲ့ကျေးရွာတွေက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရပါတယ်။


