Home
မြန်မာသတင်း
မောတောင်မြို့ကို လက်လွှတ်ရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပိုလုပ်
DVB
·
November 19, 2025

တနင်္သာရီတိုင်း မြန်မာ-ထိုင်းနယ်စပ်၊ မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ပြီးတဲ့နောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ မောတောင်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းချုပ်ပြီးတဲ့နောက် တနင်္သာရီ-မောတောင်လမ်းပိုင်းက သိန်ခွန်းရွာအနီးတဝိုက်မှာ နိုဝင်ဘာ ၁၅ ရက်က တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေနဲ့ စစ်ကူအင်အား ဖြည့်တင်းတာတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကလည်း တနင်္သာရီမြို့နယ် ထုံခါး-မောတောင်လမ်းပိုင်းက သဲဖြူရွာမှာ စစ်ကောင်စီတပ်ဘက်က Y-12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi-17 ရဟတ်ယာဥ်နဲ့ စစ်ကူပို့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “စကစက အဲဒီအလုံးအရင်းနဲ့ အင်အားပို့တယ်။ လေကြောင်းနဲ့ အလုံးအရင်း တိုက်ခိုက်တယ်။ ကျနော် သုံးသပ်တာက ကမ်းရိုးတမ်းစစ်ဌာနက အင်အားသာမက တခြားတွေ ဖြည့်လာတာတော့ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုက များလာတယ်။ တရက်တရက်ဆို Y12 တစီး တခါ နှစ်ခါ၊ ဂျက်ဖိုက်တာ တစီး တခါ နှစ်ခါ၊ ပြောမယ်ဆိုရင် အဆက်မပြတ်သုံးတယ်။ ရဟတ်ယာဥ်ဆိုလည်း အင်းအားတွေ လာချတာရှိတယ်။ အခုဆိုရင်လည်း ထိုးစစ်ကို ခန့်မှန်းတာက ၂၀၀၊ ၃၀၀၊ အခုဆို အင်အား ၅၀၀ လောက် ရှိနေပြီ” လို့ ပြောပါတယ်။

KNU တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မောတောင်မြို့ကို နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၄၀ ကျော်နဲ့ စစ်လက်နက်ပစ္စည်း အများအပြားကို ဖမ်းဆီးရရှိခဲ့ပါတယ်။

မောင်တောင်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်သား ၄၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ စစ်ကူလာပို့တဲ့အထဲမှာ ပါလာတဲ့ စစ်ကောင်စီတပ်သားတယောက်ဟာ တော်လှန်ရေးတပ်ဖွဲ့ဆီကို နိုဝင်ဘာ ၁၆ ရက်မှာ ဘက်ပြောင်း ခိုလှုံလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဟုတ်ပါတယ်။ ပစ တဦးပါ။ သူ့ရဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ သူက ကျနော်တို့နဲ့ မနီးဘူး။ ဟိုဘက်အစုအဖွဲ့မှာ သွားဝင်ထားတော့လေ၊ နာမည်တော့သိရပေမဲ့ ကျန်တဲ့ အသေးစိတ်ကိုတော့ မသိရဘူး။ နေ့တိုင်းရှိတယ် လေကြောင်းတိုက်ခိုက်မှုက၊ မနေ့ကဆို ၁၀ လုံးကျော်တယ်။ ဒီကနေ့ မနက်တုန်းကလည်း မောတောင်ရဲ့ အနီးဆုံးနေရာကို လာပစ်သွားတယ်။”

လက်ရှိမှာ မောတောင်မြို့နဲ့ အနီးနားဝန်းကျင်မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ဒေသခံ ၂,၀၀၀ နီးပါး ထိုင်း-မြန်မာနယ်စပ်နဲ့ နီးစပ်ရာ ဥယျာဥ်တွေဆီမှာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင်နေရသူတွေကို ထိုင်းအာဏာပိုင်ကနေတဆင့် ကူညီတာတွေ လုပ်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013