စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေကို နိုဝင်ဘာ ၁၅ ရက်ကစပြီး ၄ ရက်ဆက်တိုက် လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်မိသားစုဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးတောင်ပိုင်း အခြေစိုက် Winds Of Kalay ရဲ့ တာဝန်ရှိသူတယောက်က “ရန်သူစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ သူတို့ဘက်က လေကြောင်းတိုက်ခိုက်တာတွေကတော့ ဆက်တိုက်လုပ်နေပြီး လက်နက်ကြီး ပစ်ကူတွေကလည်း တောက်လျှောက်ပဲ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းအထိ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြို့နယ်တောင်ပိုင်းကို နိုဝင်ဘာ ၁၅ ရက်ကနေ ၁၈ ရက်အထိ ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတချို့လည်း သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
ကလေးတောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲအတွင်း ရန်သူ့ရဲ့ မြေပြင်စစ်ကြောင်းကနေ လေကြောင်းပစ်ကူ တောင်းရတယ်ဆိုတာ သူတို့စစ်ကြောင်း မြေပြင်မှာ အထိနာနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဟံသာ၊ ကမ်းပါးနီ၊ ကြံသာနဲ့ မှန်တောရွာဘက်တွေကတော့ လေကြောင်းတိုက်ခိုက်တာ အခံရဆုံး နေရာတွေပါ။ ၁၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းမှာ တောထဲမှာ စစ်ဘေးရှောင်နေကြတဲ့ ဟံသာရွာဇာတိ မိသားစုဝင် ၄ ယောက် သေဆုံးသွားတယ်လို့ သတင်းဝင်ထားပါတယ်။ သေဆုံးသူတွေရဲ့ အသက်အရွယ်တွေကတော့ စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အဲဒီ ကလေး-ဂန့်ဂေါ ကားလမ်းပေါ် လမ်းပိုင်းပေါ်ကို ထိန်းချုပ်ထားတာကတော့ ၂ နှစ်နီးပါး ရှိပြီပေါ့။ အဲဒီလမ်းပေါ်က ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြီးခဲ့တဲ့ ဧပြီလထဲမှာ သိမ်းပိုက်ထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်အထိုင်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီ၊ နဂါးမောက်ခြံ၊ ငါးကန်၊ မှန်တော၊ အရှေ့အောင်သာ၊ ကြံသာနဲ့ တခြားစခန်းငယ်တွေကို ပြန်လိုချင်လို့ စစ်ကြောင်းထိုးနေတာ မကြာခဏပါပဲ။ ဒါပေမဲ့ အခုတကြိမ်ကတော့ အင်အားတော်တော်များတယ်။ ၂၀၀ နဲ့ ၃၀၀ ကြား ပါမယ်ဗျ။ အဓိကကတော့ ကြံသာစခန်းကို ပြန်လိုချင်နေကြတာ” လို့ DVB ကို ပြောပါတယ်။
ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း စစ်ဘေးရှောင်စခန်းတွေ အပါအဝင် ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေလို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။




